မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 21 March 2018

တနင်္သာရီတိုင်းဒေသကြီး မြိတ်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))

မြိတ်ဒေသမှထွက်ရှိနေသည့် ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်းမရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

ရေထွက်ပစ္စည်းများကို တရားမဝင်တင်ပို့နေခြင်း၊ အခွန်အခများ တိကျစွာမကောက်နိုင်ခြင်းတို့အပါအဝင် နိုင်ငံတော်မှ အခွန်ဆုံးရှုံးနေခြင်းကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်တွင်လည်း တင်ပြပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြိတ်ဒေသတစ်ခုတည်းကိုပဲ အရင်တွက်ကြည့်ရအောင်။ ရေထွက်ပစ္စည်း ရောင်းဝယ်မှုက တစ်ရက်ကိုကျပ်သိန်းပေါင်း ငါးသောင်းအထိရှိနိုင်တယ်။ ဖမ်းဆီးရမိခွန်တစ်ခုတည်းကိုပဲ တွက်ကြည့်မယ်။ နှစ်ရာခိုင်နှုန်းနဲ့စားလိုက်ရင် တစ်ရက်ကို သိန်း ၁၀၀၀ နိုင်ငံတော်ကရရှိမှာပါ။ အဲဒီတော့ တစ်လကို သုံးဘီလျံနှုန်းနဲ့ တွက်ချက်ကြည့်ရင် တစ်နှစ်ဆိုရင် ဘီလျံ ၃၀ အထိရှိသွားပြီ ဒါပေမဲ့ အစိုးရအနေနဲ့ ငါးလေလံဈေးဖွင့်လှစ်လိုက်ရင် ဒါတွေဆုံးရှုံးနေတာကို ကုစားနိုင်မယ်လို့ သိထားပေမယ့် အခုထိမလုပ်သေးဘူး။ အဲဒါဘာကြောင့်လဲ။ ဆိပ်ခံတံတားတွေကနေ ရနောင်းကိုဆင်းသွားတာရှိတယ်။ ကော့သောင်းဘက်ကနေ အခေါက်ခေါက်အခါခါဆင်းပြီး ရနောင်းကို သွားရောင်းကြပြီးမှ နိုင်ငံတော်ကို တစ်ခေါက်လောက်ပဲ အဝင်ပြလိုက်တယ်။ ကျွန်တော်တို့ဆီမှာ အင်မတန်မှကို သယံဇာတပြုန်းတီးပြီး အခွန်အခတွေလည်း များစွာနစ်နာနေတယ်။ ကျွန်တော်ကတော့ တင်ပြခဲ့ပြီးပါပြီ။ ဒါကို ဘယ်လိုကိုင်တွယ် အရေးယူမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

မြိတ်ဒေသတွင်ရှိသော ကမ်းဝေးဝါလတ် ၈၇၁ စင်းတွင် အစင်း ၇၀၀ မှာ ကုမ္ပဏီအုပ်စုရှစ်စုမှ ပိုင်ဆိုင်ပြီး အဆိုပါအချက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇော်ဟိန်းက ဆိုသည်။ ပြည်ထောင်စုလွတ်တော်တွင် တင်ပြထားချက်မှာ မြိတ်ခရိုင်ငါးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ နိုင်ငံခြားသို့ တိုက်ရိုက်ကုန်သွယ်မှု၌ ၈၀ ဒသမ ၆ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း နိုင်ငံတော်မှ အခွန်အခရငွေမှာ၌ ၁ ဒသမ ၇ သန်းသာရရှိခဲ့ကြောင်း၊ အမှန်တကယ် မြိတ်ဒေသမှ ရေထွက်ပစ္စည်း နည်းမှန်လမ်းမှန်အသုံးပြု အခွန်ကောက်ပါက ကျပ် ၃၀ ဘီလျံခန့်ရရှိမည်ဖြစ်ပြီး ၂၇ ဘီလျံခန့် လျော့နည်းနေမှုရှိနေသည်ဟု တင်ပြခဲ့သည်။ လှေအစင်းရေများပြားနေသည်ကို ထိန်းသိမ်းထားသော်လည်း အမှန်တကယ်လုပ်ကိုင်လိုသည့် ဒေသခံများမှာ လုပ်ပိုင်ခွင့်မရရှိပဲ ငါးဖမ်းလှေအုပ်စုကြီးများကသာ ထိန်းချုပ်ထားသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ရေထွက်ပစ္စည်းများ ခိုးထုတ်ခံနေရသည့်အတွက် ဥပဒေချိုးဖောက်ခံနေရမှုမှာ ၁၂ ရာသီတွင် ၂၄ နာရီဖြစ်နေကြောင်း ဦးဇော်ဟိန်းက ပြောကြားသည်။

Most Read

Most Recent