ကျင်းနက်ကြီးများဖြစ်သည်အထိ ကျောက်တူးဖော်မှုကြောင့် ရေကြောပြတ်တောက်ပြီး ဖားကန့်ဒေသရှိ ကျေးရွာအချို့တွင် ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးလာ

ကျင်းနက်ကြီးများဖြစ်သည်အထိ ကျောက်တူးဖော်မှုကြောင့် ရေကြောပြတ်တောက်ပြီး ဖားကန့်ဒေသရှိ ကျေးရွာအချို့တွင် ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးလာ
Published 18 March 2018

လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာတွင် ရေသိုလှောင်သုံးစွဲနေစဉ်

ကျောက်စိမ်း အလွန်အကျွံ တူးဖော်ရာမှ ကျင်းနက်ကြီးများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖားကန့်ဒေသရှိ ကျေးရွာအချို့တွင် ရေတွင်းရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေ ရှားပါးလာကြောင်း ဒေသခံများက ပြောကြားသည်။

ဖားကန့်မြို့နယ်အတွင်း အရှိန်အဟုန်ဖြင့် လုပ်ကွက်အများဆုံး ကျောက်တူးဖော်လျက်ရှိသည့် လုံးခင်းကျေးရွာအုပ်စုတွင် ကျင်းနက်ကြီးများဖြစ်သည်အထိ ကျောက်တူးဖော်မှုကြောင့် မူလရေကြောများ ပြတ်တောက်မှုဖြစ်ပေါ်ကာ အဆိုပါ လုပ်ကွက်များနှင့် ဆက်စပ်နေသည့် ကျေးရွာအများအပြားမှ ရေတွင်းရေကန်များမှာ နွေဦးကာလမှာပင် စောစီးစွာ ရေခန်းခြောက်ခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု အတွင်းရှိ မဇွပ်ယန်ကျေးရွာ၊ ဆန်ခါကျေးရွာ၊ ဖဝါကျေးရွာ၊ ကထန်ကျေးရွာ၊ မှော်ပုံကျေးရွာအစရှိသည့် ကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရပြီး ရေရရှိရေးအတွက် အဆိုပါကျေးရွာများနှင့် နီးကပ်နေသည့် ကုမ္ပဏီလုပ်ကွက်မှ တာဝန်ရှိသူများ အနေဖြင့် အဝေးမှရေအား ပိုက်များဖြင့် သွယ်တန်းကာ ရေဘောက်ဆာကြီးများဖြင့် သိုလှောင်၍ ကျေးရွာအတွင်း ရေဖြန့်ဝေမှု လုပ်ဆောင်ပေးသော်လည်း ရေအဆင်မပြေသည့်နေရာများစွာ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ ရေတွေခန်းကုန်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေပါခေါ်ပြီး ညှိနှိုင်းအစည်းအဝေး လုပ်ကြရပါတယ်။ ဟိုးတုန်းကတည်းက သုံးလာခဲ့တဲ့ရွာထဲက ရေတွင်းတွေဟာ ခုဆိုခန်းကုန်ပြီ။ တခြားရွာတွေမှာလည်း ဒီလိုပဲ ခန်းကုန်ပါပြီ။ အခု ကျွန်တော်တို့က ဘယ်လိုရေမျိုးကို သုံးနေရသလဲဆိုတော့ ချောင်းဘေးနားမှာ ရေတွင်းလေးတွေတူးပြီး သုံးနေရပါတယ်။ အဲဒီရေတွေက သိပ်မသန့်ပါဘူး။ သုံးဖို့တောင် အဆင်မပြေချင်တော့ သောက်ဖို့ကတော့ ဘယ်လိုမှအဆင်မပြေဘူး။ ဒီတော့ကုမ္ပဏီ တာဝန်ရှိသူတွေပါခေါ်ပြီး အစည်းအဝေးလုပ်ရတယ်။ ရွာမှာ ၂၀၁၇ တုန်းက ကုမ္ပဏီတွေက လှူထားတဲ့ ရေဘောက်ဆာကြီး နှစ်လုံးရှိတယ်။ ဒီနှစ်မှာတော့ အဲဒီနှစ်လုံးနဲ့ ရေလှောင်ပြီး ဖြန့်ဝေတာ မလောက်ငှတဲ့အတွက် နောက်ထပ်ရေဘောက်ဆာနှစ်လုံး ထပ်မံစီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလိုရေတွေခန်းခြောက်လာရတာကလည်း ကုမ္ပဏီတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ရွာပတ်ချာလည်မှာ ကုမ္ပဏီလုပ်ကွက်တွေက ကျင်းနက်ကြီးတွေ တူးကုန်တော့ ရေတွေကို အောက်ကိုဆွဲစုပ်လိုက်သလို ဖြစ်သွားတယ်။ ရေကြောတွေလည်း ပြတ်တောက်ကုန်ပါတယ်။ ဟိုအရင်တုန်းက ဒီဘက်ဒေသမှာ ရေတအားပေါတယ်။ တစ်နွေလုံးလည်း ရေမပြတ်ဘူး။ ခုလိုရေပြတ်တာကတော့ ဒီဘက်ကို ကုမ္ပဏီကြီးတွေ အများအပြား ဝင်ရောက်လာပြီးတဲ့နောက်ပိုင်း ဒီတစ်နှစ်နှစ်နှစ်အတွင်းမှာ ပိုဆိုးလာတာပါ” ဟု ဆန်ခါကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်လှိုင်က ပြောကြားသည်။

အဆိုပါ လုံးခင်းကျေးရွာအုပ်စုအတွင်း နွေအခါ ရေရှားပါးမှုမှာ ၂၀၁၆ ခုနှစ်မှ စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ရေရှားပါးမှု ပိုမိုဆိုးရွားလာကာ တစ်နှစ်ထက်တစ်နှစ် စောစီးစွာ ရေခန်းခြောက်မှုဖြစ်ပေါ်လာခဲ့ကြောင်း၊ ကျောက်တူးဖော်ရေး ကုမ္ပဏီလုပ်ငန်းများ နည်းပါးသည့် တစ်ချိန်ကမူ နွေရာသီတွင်ပင် ရေပေါများခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

Most Read

Most Recent