သံတွဲမှ စစ်တွေသို့လာသော ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲသို့ထိုးကျမှု ဖြစ်ပွားပြီး လေးဦး သေဆုံးကာ သုံးဆယ်ကျော်ဒဏ်ရာရ

သံတွဲမှ စစ်တွေသို့လာသော ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲသို့ထိုးကျမှု ဖြစ်ပွားပြီး လေးဦး သေဆုံးကာ သုံးဆယ်ကျော်ဒဏ်ရာရ
Published 5 March 2018

ဓာတ်ပုံ - tin min min phyo facebook

ရခိုင်ပြည်နယ် သံတွဲမှ စစ်တွေသို့လာသော ခရီးသည်တင်ယာဉ်တစ်စီး အမ်းမြို့နယ်အတွင်း ချောက်ထဲသို့ ထိုးကျမှု ဖြစ်ပွားပြီး လေးဦးသေဆုံးကာ သုံးဆယ်ကျော် ဒဏ်ရာရရှိမှုတစ်ခု မတ်လ ၄ ရက်နေ့ ည ဆယ်နာရီကျော် အချိန်က ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါကားသည် ညနေပိုင်းတွင် သံတွဲမြို့မှ ထွက်ခွာလာခဲ့ပြီး အမ်းနှင့် ၆ မိုင်ခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဟုတ်ကဲ့ ခရီးသည်တွေက မြောက်ဦးနဲ့ မင်းပြားမြို့နယ်က ခရီးသည်တွေများပါတယ်။ ကားမှာခရီးသည်နဲ့ ကုန်တွေတင်လာတော့ တောင်အတက်မှာ ထိန်းမရဘဲ ဖြစ်သွားတာလို့ ယူဆပါတယ်။ အနက် ပေ ၂၀၀ ကျော်လောက်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားခဲ့တာပါ။ ကျွန်တော်တို့ သိတာက ဆယ်နာရီခွဲလောက်မှာ သိတယ်။ အဲဒါကြောင့် အဖွဲ့ပေါင်းစုံပေါ့ လိုက်ပါသွားပြီး ကူညီကယ်တင်ခဲ့ကြတယ်။ ဒရိုင်ဘာ၊ ယာဉ်နောက်လိုက်နဲ့ အမျိုးသမီးတစ်ဦး၊ လူငယ်တစ်ဦး သေဆုံးသွားတယ်။ ကျန်တဲ့ခရီးသည် ၃၃ ဦးကိုတော့ အမ်းဆေးရုံကို ပို့ဆောင်နိုင်ခဲ့တယ်။ အဲဒီမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရတာကတော့ ကျားငါးဦး၊ မ ၆ ဦးဖြစ်ပါတယ်။ မစိုးရိမ်ရတဲ့ အနေအထားပေါ့။ ကျန်တဲ့လူတွေကတော့ အနည်းငယ် ထိခိုက်ပွန်းပဲ့ရုံပါ” ဟုခရီးသည်များအား ကူညီကယ်တင် ပေးခဲ့သူများတွင် ပါဝင်သည့် ဦးဟန်မင်းလှိုင်က ပြောကြားသည်။

ဓာတ်ပုံ - tin min min phyo facebook

ထို့အပြင် ကားအတွင်းပိုင်းတွင် ခရီးသည်များ ကျန်ရှိ မရှိကို ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါယာဉ်သည် သံတွဲ-တောင်ကုတ်-မအီ-အမ်း- စစ်တွေ ခရီးစဉ်ကို ပြေးဆွဲနေသည့် ရခိုင့်အားမာန် ခရီးသည်တင်ယာဉ် ဖြစ်ကြောင်းလည်း သိရသည်။

အမ်းမြို့နယ်သည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိသဖြင့် ကားသမားများ အနေဖြင့် လွန်စွာသတိထား မောင်းနှင်ရန် လိုအပ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent