မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်စုံစမ်းရေးကော်မတီအနေဖြင့် လွှတ်တော်အပြီးတွင် ဆက်လက်စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်စုံစမ်းရေးကော်မတီအနေဖြင့် လွှတ်တော်အပြီးတွင် ဆက်လက်စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 4 March 2018

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီ  ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်စုံစမ်းရေး ကော်မတီအနေဖြင့် လွှတ်တော်အပြီးတွင် ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

“မြောက်ဦးဖြစ်စဉ်ကတော့ စိတ်မကောင်းစရာပဲ။ ခုနစ်ဦးသေပြီး ၁၂ ဦးဒဏ်ရာရတယ်။ အဲဒီနောက်မှာ ဒဏ်ရာရတဲ့လူတွေကို အစိုးရဘက်ကနေ ဖမ်းဆီးနေတာတွေ ရှိတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ကလည်း လျစ်လျူရှုထားလို့ မရနိုင်ဘူး။ မြောက်ဦးတစ်မြို့လုံးဆိုရင် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်စရာ မြို့တစ်ခုအဖြစ်ကို ရောက်သွားတယ်။ အဲဒီလိုဖြစ်လာလို့ မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး အဖွဲ့ဝင် ကိုးဦးပါတဲ့ စုံစမ်းလေ့လာရေးကော် တီတစ်ရပ်ကိုဖွဲ့စည်းခဲ့တယ်။ ကျွန်တော်က ဥက္ကဋ္ဌတာဝန်ယူထားတယ်။ အခင်းဖြစ်ပွားပြီးတဲ့ နောက်နေ့မှာ ကျွန်တော်တို့သွားရောက် စုံစမ်းခဲ့တယ်။ ကျွန်တော်တို့မှာ အခြေခံအချက်အလက်တွေရှိတယ်။ နောက်ပြီးတော့ အခုလွှတ်တော်ပြီးသွားရင်လည်း ဆက်လက်ပြီး လေ့လာစုံစမ်းဖော်ထုတ်သွားဖို့ အစီအစဉ်ရှိတယ်။ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတစ်စောင်ကိုလည်း လွှတ်တော်ကို တင်သွင်းသွားဖို့၊ အစိုးရအဖွဲ့ကို ပေးဖို့သွားဖို့ရှိတယ်” ဟု မြောက်ဦးဖြစ်စဉ်အပေါ် ဖွဲ့စည်းသော စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရကြောင်း၊ အလောင်းကိုသယ်ဆောင်သွားပြီးနောက် ကားလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်အပေါ် လုပ်ကြံသူများနှင့် ပူးပေါင်းပါဝင်သူများဟု ယူဆရသူများကိုလည်း ဖမ်းဆီးထားကြောင်း အချက်အလက်များအရ သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် ဦးအောင်ဝင်းက “ကျွန်တို့ကြားသိတာကတော့ မြောက်ဦးဖြစ်စဉ်နဲ့သိပ်ပြီး မဆိုင်ဘူးလို့ကြားမိတယ်။ အတိအကျပြောတာတော့ မဟုတ်ဘူးပေါ့။ ကြားတာကိုပြောတာပါ။ စီးပွားရေးကိစ္စတစ်ခုကြောင့် အသတ်ခံရတယ်လို့ ပြောသံကြားတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်အနှံ့မှာ တရားဥပဒေစိုးမိုးမှုတွေ အားနည်းနေတယ်။ တကယ့်ကို အောက်ခြေအထိ အားနည်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ဒါတွေကို အစိုးရကလည်း တိတိကျကျ မကိုင်တွယ်နိုင်ဘူး။ အရေးမယူနိုင်ဘူး။ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာဟာ တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်နေတာပါပဲ။ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အရေးဟာ ရင်လေးစရာကောင်းတယ်။ တရားဥပဒေစိုးမိုးမှုမရှိလို့ မောင်တော၊ ဘူးသီးတောင် လိုနေရာတွေမှာ ဆူပူမှုတွေဖြစ်ပျက်ခဲ့တယ်။ တခြားမြို့နယ်တွေမှာလည်း ဖြစ်ပျက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် တရားဥပဒေစိုးမိုးမှုနဲ့လုံခြုံရေးက သိပ်အရေးကြီးတယ်လို့ ပြောလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဦးအောင်ဝင်းအနေဖြင့် မောင်တောဒေသစုံစမ်းလေ့လာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းအချိန်ကလည်း ဘူးသီးတောင်နှင့်မောင်တော၊ ရသေ့တောင်ဒေသတစ်လျှောက်တွင် ယခုအချိန်အထိ ခိုးဝင်-ခိုးထွက်ခြင်းများ၊ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ကာ ဝင်ရောက်ခြင်း-ထွက်ခြင်းများ၊ ခြံစည်းရိုးကိုကျော်ကာ ဝင်-ထွက်ခြင်းများရှိနေကြောင်း၊ ယင်းသို့ဖြစ်ပျက်နေခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိရောက်စွာ မကိုင်တွယ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုသို့ အထွက်-အဝင်ရှိနေသော ကာလပတ်လုံးရခိုင်ပြည်နယ်၏ အန္တရာယ်သည် အမြဲတမ်းရှိနေမည်ဖြစ်ကြောင်းလည်း စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ထပ်လောင်းပြောကြားသည်။

“မြောက်ဦးဖြစ်စဉ်မှာဆိုရင် ဒီမိုကရေစီခေတ်ကို လှမ်းနေတဲ့ခေတ်ကြီးမှာ ဒီလိုလုပ်တာ သဘာဝလည်းမကျဘူး။ ကျွန်မတို့လည်း လက်လည်းမခံနိုင်ဘူး။ အခုဆိုရင် တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ ငါတို့ရခိုင်တိုင်းရင်းသားတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ တော်တော်ခံစားနေရတယ်ဆိုတဲ့ အသံဟာ ကျယ်ကျယ်လောင်လောင် ထွက်နေပါတယ်။ ဒီအသံတွေကို ချေဖျက်ဖို့ဆိုရင် အစိုးရဘက်ကလည်း ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

Most Read

Most Recent