လက်ရှိရင်ဆိုင်နေရသည့် လယ်ယာလုပ်သား ရှားပါးမှု၊ လုပ်ခမြင့်တက်မှုများကြောင့် လယ်ယာလုပ်ငန်းခွင် မထိခိုက်စေရေး စက်ကိရိယာပိုမိုအသုံးပြုနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိဟုဆို

လက်ရှိရင်ဆိုင်နေရသည့် လယ်ယာလုပ်သား ရှားပါးမှု၊ လုပ်ခမြင့်တက်မှုများကြောင့် လယ်ယာလုပ်ငန်းခွင် မထိခိုက်စေရေး စက်ကိရိယာပိုမိုအသုံးပြုနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိဟုဆို
Published 3 March 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

လယ်ယာလုပ်ငန်းခွင်အတွင်း လက်ရှိရင်ဆိုင်နေရသည့် လယ်ယာလုပ်သားရှား ပါးလာမှု၊လုပ်ခမြင့်တက်လာမှုများကြောင့် လယ်ယာလုပ်ငန်းခွင် မထိခိုက်စေရေး စက်ကိရိယာကို ပိုမိုအသုံးပြုနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ဧရာဝတီတိုင်းဒေသကြီးတွင် မတ် ၂ ရက်က ကျင်းပသည့် တောင်သူလယ်သမားစကားဝိုင်း၌ ပြောကြားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

“တောင်သူတွေ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ သုံးနှစ် ခြောက်ရစ်ပြန်ဆပ်တဲ့စနစ်နဲ့ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးလျက်ရှိရာမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ထွန်စက်ကြီး ၁၃၂၀ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၅၇ စီးကို တောင်သူများထံသို့ ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူများ စက်ကိရိယာတွေကို ကိုယ်တိုင်မောင်းနှင် ပြင်ဆင်ထိန်းသိမ်းနိုင်စေဖို့ သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါတယ်။ ဒေသအသီးသီးမှာ စိုက်ပျိုးထုတ် လုပ်နေကြတဲ့ တောင်သူလယ်သမားများအနေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးရမှုများ လျော့နည်းစေရေးအတွက် လိုက်လျောညီထွေဖြစ်မယ့် သီးနှံနဲ့ သီးနှံပုံစံ၊ စိုက်စနစ်များကို ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် တောင်သူပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောကြားသည်။

စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ တောင်သူလယ်သမားများ အပါအဝင် လယ်ယာကဏ္ဍတွင် ဆက်နွယ်ပတ်သက်သူ အားလုံး၏တာဝန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ထားပြီးဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူဖြစ်စေရန်၊ လယ်ယာထွက်ကုန်များ မျှတသည့်ဈေးနှုန်းနှင့် ခိုင်မာသော ဈေးကွက်ရရှိစေရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်မှုများကို  ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ကြောင်း သိရသည်။

“သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ အရည်အသွေးကောင်းသီးနှံများ ရရှိဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲဖို့လိုပါတယ်။ လိုအပ်တဲ့သီးနှံမျိုးစေ့များ လုံလုံလောက်လောက်ရရှိနိုင်ဖို့ တောင်သူအစုအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများနဲ့ ဆောင်ရွက်လျက်ရှိရာမှာ ယခုနှစ်အတွင်း စပါးမျိုးစေ့ထုတ်ဧရိယာ ၇၀၀၀၀ ခန့် စိုက်ပျိုးပြီး မျိုးစေ့အထွက် တင်းငါးသန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဖက်ကလည်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ လယ်ယာသီးနှံများ အရည်အသွေးကောင်းမွန်ရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ထုတ်ပြန်ပညာ ပေးဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူလယ်သမားများအနေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့လည်း တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်သူလယ်သမားကြီးများအနေဖြင့်လည်း ဘေးကင်းပြီး အရည်အသွေးကောင်းသည့်သီးနှံများကို ရရှိစေရေးအတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့်ဓာတုဆေးဝါးများ အသုံးပြုရာတွင် ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ရောင်းချသည့် ဆေးဝါးများကို ပါရှိသည့်အညွှန်းများအတိုင်း လိုက်နာသုံး စွဲကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိသည့် အရည်အသွေးမပြည့်မီသည့် ဓာတုဆေးဝါးများ ရောင်းချဖြန့်ဖြူးမှုများကို ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောကြားသည်။

Most Read

Most Recent