ချင်းပြည်နယ်တောင်ပိုင်း လိုင်လင်းပီမြို့တွင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ်တစ်ခု လန်ဒန်အခြေစိုက် MAF အဖွဲ့က တည်ဆောက်မည်

ချင်းပြည်နယ်တောင်ပိုင်း လိုင်လင်းပီမြို့တွင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ်တစ်ခု လန်ဒန်အခြေစိုက် MAF အဖွဲ့က တည်ဆောက်မည်
Published 24 February 2018

ချင်းပြည်နယ်တောင်ပိုင်း လိုင်လင်းပီမြို့တွင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ် တစ်ခုအား လန်ဒန်အခြေစိုက် MAF (International) က တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သတင်းရသည်။

MAF (International) သည် အမြတ် အစွန်းအတွက် မရည်ရွယ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ကမ္ဘာပေါ်ရှိ ဝေးလံခေါင်သီသော ဒေသများသို့ လုံခြုံမှုရှိစွာ လေကြောင်းဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တွင် တည်ဆောက်သွားမည့် ဘက်စုံသုံးလေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် မီတာ ၈၀၀ အရှည်ရှိသည့် လေယာဉ်ကွင်းငယ် တည်ဆောက်ခြင်း လုပ်ငန်းများကို MAF (International) က စီးပွားရေး အမြတ်အစွန်းအရ သော်လည်းကောင်း၊ စီးပွားရေးအရမဟုတ်သည့် အကျိုးအမြတ်များ မပါဘဲ တာဝန်ယူ ကြီးကြပ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အဆိုပါ လေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ်အစိုးရ၏ ငါးနှစ်တာ မဟာဗျူဟာ အစီအစဉ်တွင် ပါရှိသည့် လေယာဉ်ကွင်းငယ်များတွင် တစ်ကွင်းအပါအဝင် ဖြစ်ကာ၊ တည်ဆောက်မှုလုပ်ငန်းများ အပြီးတွင် စီးပွားဖြစ် (သို့) စီးပွားဖြစ်မဟုတ်သည့် ဘက်စုံသုံးလေယာဉ်ငယ်များ အသုံးပြုသည့် လေကြောင်းလိုင်းများ ပျံသန်းအသုံးပြုနိုင်မည် ဖြစ်သည်။

လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံးပါက၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ လွဲှပြောင်းပေးအပ် သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ အဖွဲ့အစည်းက ငွေကြေးအမြတ်အစွန်းအတွက် မရည်ရွယ်တဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပြီး အဖွဲ့အစည်းကို လှူဒါန်းတဲ့ အလှူရှင်တွေကိုက ဝေးလံခေါင်ဖျားတဲ့ သွားလာရေးခက်ခဲတဲ့ ဒေသခံတွေရဲ့ အကျိုးကို မျှော်မှန်းပြီး လှူဒါန်းကြတာ ဖြစ်ပါတယ်။ လေယာဉ်ကွင်း တည်ဆောက်မှု ပြီးစီးသွားရင်တော့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိရင် အပေါ့စား လေယာဉ်ငယ်တွေကို ပျံသန်းပြေးဆွဲဖို့ စီစဉ်ထားပါတယ်” ဟု MAF (International) Operation Manager ကိုခေါင်ဒီးရမ်က ပြောကြားခဲ့သည်။

လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်ရန် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် Geotechnical Engineering နှင့် Surveyors ရွေးချယ်ခြင်း လုပ်ငန်းများ စတင်ခဲ့ပြီး လက်ရှိတွင် Geotechnical Engineering လုပ်ငန်းများအား လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်တွင်လေယာဉ် ကွင်းဆောက်လုပ်ရေးနှင့် ကြီးကြပ်ရေးအတွက် တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည်ဖြစ်ကာ၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း အကုန်ကျခံ တည်ဆောက်သွားရန် ကနဦး စီစဉ်ထားကြောင်း  သတင်းရသည်။

 

Most Read

Most Recent