မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကိစ္စ အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ ညှိနှိုင်း

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကိစ္စ အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ ညှိနှိုင်း
Published 15 February 2018

ဇန်နဝါရီ ၂၈ ရက်က ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ မီးရှို့ခဲ့သည့် ရွာအချို့နှင့် လမ်းလုပ်သားများ နေရပ်ပြန်ရန်ပြင်ဆင်နေစဉ်

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကိစ္စ အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

KIO/KIA အဖွဲ့က ထိုးစစ်များ လျှော့ချရေးကို ဦးတည်ရန် အကြောင်းပြန်ခဲ့ကြောင်း သိရပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်းပြန်ကြားသေးခြင်း မရှိကြောင်း မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့က ဆိုသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က “ပူတာအို လမ်းပိုင်းကိစ္စရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို KIO/KIA ဗဟိုအဖွဲ့က အကြောင်းပြန်ထားပါပြီ။ အားလုံး ညှိနှိုင်းနေဆဲပဲလို့ပဲ ပြောချင်ပါတယ်။ ညှိနှိုင်းနေဆဲဖြစ်လို့ ပြောလို့ မကောင်းပါဘူး။ ပါတဲ့အချက်တွေတော့ သုံးလေးချက်လောက် ရှိပါတယ်။ ထိုးစစ်တွေ လျှော့ဖို့ကိစ္စလိုမျိုးတွေပေါ့”ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပူတာအိုဒေသသို့ ဆန်အထောက်အပံ့များ ပေးအပ်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းနေကြောင်း၊ မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကိစ္စရပ်များကို သက်ဆိုင်ရာဌာန အသီးသီးနှင့် ညှိနှိုင်း တိုင်ပင်နေကြောင်း ဖေဖော်ရီ ၁၄ ရက် က ပြောကြားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် ဦးဆောင်သောအဖွဲ့နှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၆ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် သီးခြားတွေ့ဆုံပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာ အိုလမ်းပိုင်းကိစ္စ သီးခြားဆွေးနွေးခဲ့ပြီးနောက် KIO/KIA ဗဟိုအဖွဲ့ စာပေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ကျပ် ၃၇ ဘီလျံ ရင်းနှီးဆောက်လုပ်နေသည့် မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမပေါ်တွင် ကေအိုင်အေလက်နက်ကိုင် တစ်စုက တံတားတစ်စင်းကို ဇန်နဝါရီ ၂၈ ရက်တွင် ဖျက်ဆီးခဲ့ပြီး လမ်းကြောင်းများကို ဘက်ဟိုးဖြင့် ယာဉ်များ သွားမရအောင် လုပ်ထားခြင်း၊ ယာဉ်ကြီးများကို လမ်းမပေါ်တွင် မီးရှို့ဖျက်ဆီးထားခြင်း စသည့် လုပ်ဆောင်ချက်များကြောင့် လုပ်ငန်းအားလုံး ပြန်လည် ရုပ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၈ ရက်က ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ မီးရှို့ခဲ့သည့် ရွာအချို့နှင့် လမ်းလုပ်သားများ နေရပ်ပြန်ရန်ပြင်ဆင်နေစဉ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆို ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့သည်။ လမ်းပိုင်း ပြတ်တောက်ပြီး ရိက္ခာပြတ်လပ်မှုကြောင့် ပူတာအိုဒေသခံ ရာနှင့်ချီဆန္ဒပြမှု ဖေဖော်ဝါရီ ၁၃ ရက်က ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်မှုကို ရဝမ်၊ လီဆူ၊ ဂျိန်းဖော စသည့် စာပေနှင့် ယဉ်ကျေးမှုခေါင်းဆောင်များက ဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပါ။ စက်ယန္တရားများ ဖျက်ဆီးခြင်း ချက်ချင်းရပ်၊ စစ်ရေးကို အကြောင်းပြပြီး ဈေးတင်ရောင်းချမှု မလိုလား၊ လမ်းတံတား ဖျက်ဆီးသူ တို့ရန်သူ၊ လူထုဆန္ဒ သဘောထား အောင်ရမည်၊ ပြည်ထောင်စုမပြိုကွဲရေး တို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး တို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အရေး စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ပူတာအိုဒေသသို့ ဆန်အိတ်များ အကူအညီပေးရန် စီစဉ်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဆိုသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA က ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၇ ရက် က တင်သွင်းခဲ့သည်။

အဆိုရှင်ဖြစ်သူ ဦးခန်လင်က ပူတာအိုခရိုင်သည် မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခရိုင်ဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံး ခရိုင်တစ်ခု ဖြစ်ပါကြောင်း၊ ပူတာအိုမြို့သို့ ကုန်းကြောင်း၊ လေကြောင်း သွားလာနိုင်သော်လည်း ကုန်စည်အတွက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူ တာအိုလမ်းကြောင်းကို အဓိကအသုံးပြုနေရခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အတွင်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဆွမ်ပရာဘွမ်မြို့နယ်အပိုင်းတွင် ဆီနင် ခတံတားနှင့် လမ်းပိုင်း နှစ်နေရာကို ဖျက်ဆီးခဲ့ပြီး မော်တော်ယာဉ်များ သွားလာမရ ဖြစ်လာခဲ့ကြောင်း၊ လမ်းလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒုက္ခရောက်ကြသည်မှာ လမ်းလုပ်သားများသာမက ပူတာအို ခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဖြစ်ပါကြောင်း၊ ဓာတ်ဆီတစ်ပုံးကို ကျပ်တစ်ထောင်မှ သုံးထောင်အထက် တက်သွားကြောင်း၊ ဆန် နို့ဆီသုံးဘူး တစ်ထောင်ကျပ်အထိ ဈေးတက်လာကြောင်း၊ ယခုအဖြစ်ဆိုးကြောင့် လောင်စာဆီ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းများကို ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပိုင်းကို ဆောလျင်စွာ ပြုပြင်ခြင်းပြုလုပ်ပြီး လုံခြုံရေးတာဝန်များကို အပြည့်အ၀ ချထားစေလိုပါကြောင်း၊ ထို့ကြောင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent