ပခုက္ကူ သီးနှံဈေးကွက်အတွင်း ပဲစင်းငုံသီးနှံ ဝယ်လက် များပြားလာသည့်အတွက် တစ်တင်းကျပ် ၁၀၀၀ ခန့် ဈေးနှုန်း မြင့်တက်လာပြီး ပြောင်းဖူးစေ့ (စီပီ) မှာ တစ်တင်း ကျပ် ၁၀၄၀၀ အထိ စံချိန်တင်မြင့်တက်နေ

ပခုက္ကူ သီးနှံဈေးကွက်အတွင်း ပဲစင်းငုံသီးနှံ ဝယ်လက် များပြားလာသည့်အတွက် တစ်တင်းကျပ် ၁၀၀၀ ခန့် ဈေးနှုန်း မြင့်တက်လာပြီး ပြောင်းဖူးစေ့ (စီပီ) မှာ တစ်တင်း ကျပ် ၁၀၄၀၀ အထိ စံချိန်တင်မြင့်တက်နေ
Published 13 February 2018

မြိုင်မြို့နယ်အတွင်းရှိ ပဲစင်းငုံစိုက်တောင်သူများအား ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်

ပခုက္ကူ သီးနှံဈေးကွက်အတွင်း ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပဲစင်းငုံသီးနှံ ဝယ်လက်များပြား လာသည့်အတွက် တစ် တင်း ကျပ် ၁၀၀၀ ခန့် ဈေးနှုန်းမြင့်တက်လာပြီး ပြောင်းဖူးစေ့ (စီပီ) မှာ တစ်တင်းလျှင် ကျပ် ၁၀၄၀၀ အထိ စံချိန်တင် မြင့်တက်နေကြောင်း သိရသည်။

ပခုက္ကူသီးနှံ ဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်း ပြန်လည် မြင့်တက်လာခြင်းမှာ အိန္ဒိယနိုင်ငံ ဝယ်လက်များ ပြန်လည် ဝယ်ယူလာခြင်းနှင့် ပြည်တွင်းလှောင်လက်တစ်ချို့ ဝယ်ယူလာခြင်းတို့ဖြစ်ကြောင်း ဒေသခံ ကုန်သည်များက သုံးသပ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပဲစင်းငုံ (အဟောင်း) တစ်တင်း ကျပ်  ၁၂၅၀၀၊ ပဲစင်းငုံအသစ် တစ်တင်း ကျပ် ၁၀၅၀၀ - ၁၂၅၀၀ ရောင်းဝယ်နေရာမှ ယခု ဖေဖော် ဝါရီလ ဒုတိယပတ်တွင် ပဲစင်းငုံ (အဟောင်း)  တစ်တင်း ကျပ် ၁၃၅၀၀ နှင့် ပဲစင်းငုံအသစ် တစ်တင်း ကျပ် ၁၁၅၀၀ မှ ကျပ် ၁၃၅၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“လက်ရှိပဲစင်းငုံဈေးကတော့ အရင် ထက် နည်းနည်းမြင့်တက်လာပါတယ်။ အဝင် နည်းလာတာနဲ့ ဆိုင်သလို တက်ဈေးမျှော်ပြီး လှောင်လက်ဝယ်တာနဲ့လည်း ဆိုင်ပါတယ်။ နိုင်ငံခြားဝယ်လက်နဲ့ ပတ်သက်လို့ကတော့ ပဲစင်းငုံဈေးက ပြောရခက်ပါတယ်။ လက်ရှိ ပြည်တွင်းမှာပဲ ဝယ်ရောင်းများပါတယ်” ဟု ပခုက္ကူကုန်စည်ဒိုင်မှ အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

သီးနှံဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက် လာသော်လည်း လက်ရှိဈေးနှုန်းများမှာ တောင်သူများအတွက် သီးနှံရိတ်သိမ်း ခြွေလှေ့စရိတ်ပင် မရရှိသည့်အတွက် တောင်သူများ လာရောက်ရောင်းချမှု အလွန်နည်းပါးကြောင်း သိရသည်။

ယခင်နှစ်များက တစ်တင်းလျှင် ကျပ် ၉၀၀၀ အောက်ဖြင့်သာ ရောင်းဝယ်ခဲ့သည့် ပြောင်းဖူးစေ့ (စီပီ) မှာ ယခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ပြီး ဝယ်လက်စုံ များပြားခြင်းကြောင့် တစ်တင်းလျှင် ကျပ် ၁၀၄၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ပြောင်းဖူးစေ့ (စီပီ) မှာ ယခင်နှစ်များက အမြင့်ဆုံးတစ်တင်း ကျပ် ၉၀၀၀ နှင့် အနိမ့် ဆုံးကျပ် ၅၈၀၀ ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုနှစ်မှသာ စိုက်ဧက လျော့ကျခြင်းနှင့် ဝယ်လက် များပြားခြင်းကြောင့် ဈေးနှုန်းစံချိန်တင် မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ဒီလိုအချိန်မှာ တစ်တင်းကျပ် ၆၄၀၀ လောက်ပဲရှိပါတယ်။ အရင်နှစ်က ဈေးကျတာကြောင့် ဒီနှစ် စီပီစိုက်ချိန်မှာ စိုက်ဧက ၂၅ ရာခိုင်နှုန်းလောက် ကျသွားတယ်။ အထွက်လျော့တဲ့နှစ်မှ ပြည်တွင်း ကြက်စာသမားရော တရုတ်သမားတွေရော ဝယ်လက်စုံတာကြောင့် ဈေးက အခုလောက်ထိ တက်လာတာ” ဟု ပခုက္ကူကုန်စည်ဒိုင်မှ အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ပခုက္ကူ သီးနှံဈေးကွက်အတွင်း ကုန်းဒေသစိုက် နှမ်းဖြူအသစ်များ ယခုဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ စတင်ဝင်ရောက်နေပြီး တစ်တင်းလျှင် အနိမ့်ဆုံး ကျပ် ၄၂၀၀၀ မှ ကျပ် ၄၄၀၀၀ အထိ ပေါက်ဈေးရှိကြောင်း ကုန်စည်ဒိုင် ဈေးကွက်အရ သိရသည်။

ပခုက္ကူဒေသထွက် သီးနှံများတွင် ကုန်းဒေသထွက် ပဲစင်းငုံ၊ မြေပဲနှင့် နှမ်းဈေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများ အဆင်ပြေမှု မရှိသော်လည်း မြစ်ရေဝင်ဒေသများမှ ထွက်ရှိသည့် ကြက်သွန်နီနှင့် ပြောင်းဖူးစေ့ (စီပီ) ဈေးနှုန်းများမှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent