ဟုမ္မလင်းမြို့နယ်အတွင်း အန္တရာယ်ရှိကျောင်းဆောင်ဟောင်းများအဖြစ် သတ်မှတ်ထားသော စာသင်ကျောင်း ၁၄ ကျောင်းရှိ

ဟုမ္မလင်းမြို့နယ်အတွင်း အန္တရာယ်ရှိကျောင်းဆောင်ဟောင်းများအဖြစ် သတ်မှတ်ထားသော စာသင်ကျောင်း ၁၄ ကျောင်းရှိ
Published 27 January 2018

အန္တရာယ်ရှိကျောင်းဆောင်ဟောင်းတွင် ပါဝင်သော ဟုမ္မလင်းမြို့နယ် နားသဲကျေးရွာမူလတန်းကျောင်းကို တွေ့ရစဉ်

ဟုမ္မလင်းမြို့နယ်အတွင်း၌ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းများအဖြစ် သတ်မှတ်ထားသော စာသင်ကျောင်းဆောင်ဟောင်း ၁၄ ကျောင်းရှိကြောင်း သိရသည်။

ထိုကျောင်းများသည် မူလဆောက်လုပ်ခဲ့သော သက်တမ်းကြာမြင့်ခြင်းကြောင့် ကြံ့ခိုင်မှုအားနည်းလာကာ ကျောင်းသားကျောင်းသူများ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ရသဖြင့် အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအဖြစ် သက်ဆိုင်ရာပညာရေးဌာနမှ သတ် မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစာသင်ကျောင်းဆောင်ဟောင်း ၁၄ ကျောင်းကိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်နိုင်ရန် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်သူ့လွှတ်တော်တွင် တင်ပြထားပြီး မကြာမီတွင် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောကြားသည်။

“အဲဒီကျောင်းတွေကိုဖျက်ပြီး အသစ် ပြန်ဆောက်ဖို့ လိုအပ်တဲ့ရန်ပုံငွေကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကတစ်ဆင့် ပြည်သူ့လွှတ်တော်ကို တင်ပြပြီးပါပြီ။ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်အတွက် လျာထားစာရင်းမှာလည်း ပါလာပါပြီ။ လိုအပ်တဲ့ရန်ပုံငွေရဲ့ ၁၅ ရာခိုင်နှုန်းကိုလည်း ချပေးပြီးပြီလို့ သိရပါတယ်။ ရန်ပုံငွေအကုန်လုံးကတော့ မကြာခင်ကျလာတော့မှာပါ”ဟု ဦးမျိုးညွန့် က ပြောကြားသည်။

အန္တရာယ်ရှိကျောင်းဆောင်ဟောင်းအဖြစ် သတ်မှတ်ထားသော စာသင်ကျောင်းများကို အသစ်ပြန်လည်တည်ဆောက်ရန် သက်ဆိုင်ရာသို့ တင်ပြထားသောကာလအတွင်း လတ်တလောတွင် အချို့ကျေးရွာများ၌ ထိုကျောင်းဆောင်ဟောင်းများကို အသုံး ပြုနေဆဲဖြစ်ကြောင်း အန္တရာယ်ရှိကျောင်းဆောင်ဟောင်းများအဖြစ် သတ်မှတ်ထားသော စာရင်းတွင် ပါဝင်သော ဟုမ္မလင်းမြို့နယ် နားသဲကျေးရွာမူလတန်းကျောင်းမှ ကျောင်းကော်မတီတစ်ဦးက ပြောကြားသည်။

“ဒီကျောင်းကို ၁၉၈၉ ခုနှစ်မှာ စဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ စပြီးအသုံးပြုခဲ့တာပါ။ စဆောက်ခဲ့တုန်းကလည်း တစ်ရွာလုံးက လူတွေ စုပေါင်းပြီး ကိုယ့်အားကိုယ်ကိုး ပြီး ဆောက်ခဲ့ကြတာပါ။ ကျောင်းဆောက်ဖို့ မြေနေရာလည်း ရွာမှာပိုက်ဆံကောက်ပြီး စုပြီးဝယ်ခဲ့တာ။ ကျောင်းဆောက်ဖို့လိုတဲ့ တိုင်တွေ၊ ပျဉ်တွေကို တောထဲမှာ ကိုယ့်ဘာသာ တိုက်ခဲ့ကြတာ။ ကျောင်းသက်တမ်းက အခုဆိုရင် ၂၉ နှစ်ရှိပြီပေါ့။ စဆောက်တုန်းကတော့ အမိုးကို သက်ကယ်ပဲမိုးနိုင်တယ်။ နောက်မှ သွပ်ဝယ်ပြီးမိုးနိုင်တာ။ ဒီအတော အတွင်း ရွာကလူတွေလည်း ဝိုင်းဝန်းထိန်းသိမ်းကြတော့ ကြီးကြီးမားမားမပျက်စီးပေမဲ့ ကြံ့ခိုင်မှုကတော့ အားနည်းလာတာပေါ့။ နောက်နှစ်ကို ကျောင်းအသစ်ဆောက်ဖို့ ရန်ပုံငွေကျမယ်လို့တော့ ကြားပါတယ်။ ဘေးမှာ ကျောင်းဆောင်သစ်တစ်ဆောင်ရှိပေမဲ့ ကျောင်းသားအင်အားနဲ့ မညီမျှတော့ KG ကလေးတွေနဲ့ KG+1 တွေကို ဒီကျောင်းဆောင်မှာပဲထားပြီး သင်နေကြတုန်းပါ”ဟု နားသဲကျေးရွာမူလတန်း ကျောင်းကော်မတီတစ်ဦးက ပြောကြားသည်။

Most Read

Most Recent