NCA ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို အမြဲတမ်းကော်မတီဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိ

NCA ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို အမြဲတမ်းကော်မတီဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ကျင်းပလျက်ရှိ
Published 26 January 2018

ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ KNU ဌာနချုပ် လေးဝါးစခန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီ ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအမြဲတမ်းကော်မတီ ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက် မှစတင်ကာ KNU ဌာနချုပ်ရှိရာ လေးဝါးစခန်းတွင် ကျင်းပလျက်ရှိကြောင်း KNU က သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများနှင့် လက်ရှိနိုင်ငံရေးအခြေအနေကို ပြန်လည်သုံးသပ် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေး မတိုင်မီက ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊DKBA ၊ KNU/KNLA (PC) က ဦးဆောင်ကာ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအခြေပြု အဖွဲ့အစည်းများဖြင့် ကျင်းပခဲ့ပြီး ညီလာခံတွင် ဆွေးနွေးရန် စာတမ်းများရရှိခဲ့သည်။

ယခုထပ်မံပြုလုပ်မည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမတိုင်မီတွင် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီက ကရင်ပြည်နယ်ပြင်ပ အခြားတိုင်းဒေသကြီးများရှိ ကရင်လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ခွင့်ပြုချက်မပေးသဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ခြင်းမရှိပေ။

NCA ရေးထိုးထားသည့် ကရင်အမျိုး သားအစည်းအရုံး (KNU) လက်အောက်ခံ  လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNLA နှင့် တပ်မတော်တို့ကြား NCA ရေးထိုးပြီးနောက်  မြေပြင်တွင် အငြင်းပွားမှုကိစ္စရပ်အချို့ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည်ဟု သတင်းများမရှိခဲ့ပေ။

သို့ရာတွင် ယခုလအတွင်းပြုလုပ်သည့် KNLA ၏ အရေးပေါ်အစည်းအဝေးတွင် NCA မှာ ထိရောက်မှု မရှိတော့ကြောင်းနှင့် ၂၁ ရာစုပင်လုံအစည်းအဝေးကို ဆိုင်းငံ့ထားစေလိုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပြင်ပသို့လည်း သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အကြိုလူထု တွေ့ဆုံပွဲတားမြစ်ခံရသဖြင့် တရားဝင် ဆွေးနွေးပွဲအား ယာယီရွှေ့ဆိုင်းထားခြင်း၊ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရှိသည့်တိုင် အကြိုလူထုတွေ့ဆုံပွဲကျင်းပခွင့်ရရန် မျှော်လင့်ခဲ့သော်လည်း မည်သည့်တွေ့ဆုံပွဲမျှပြုလုပ်ခွင့်မရှိသည့် အခြေအနေများလည်း ဖြစ်ပေါ်လျက်ရှိသည်။

၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့(PPST) အရေးပေါ်အစည်းအဝေးအပြီး ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

PPST ၏ ထုတ်ပြန်ချက်တွင် NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ်ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent