၂၀၁၈-၂၀၂၀ ကာလတိုသုံးနှစ်အတွင်း ဆန်စပါးမျိုးစေ့ ထုတ်လုပ်ခြင်း၊ စပါးခွံမှ လျှပ်စစ်ထုတ်စက်ရုံများ တည်ဆောက်ခြင်း အပါအဝင် ဆန်စပါးကဏ္ဍမှ စီမံကိန်းရှစ်ခုအတွက် SME လုပ်ငန်းချေးငွေ ကျပ် ၆၅ ဘီလျံကျော် ထုတ်ချေးမည်

၂၀၁၈-၂၀၂၀ ကာလတိုသုံးနှစ်အတွင်း ဆန်စပါးမျိုးစေ့ ထုတ်လုပ်ခြင်း၊ စပါးခွံမှ လျှပ်စစ်ထုတ်စက်ရုံများ တည်ဆောက်ခြင်း အပါအဝင် ဆန်စပါးကဏ္ဍမှ စီမံကိန်းရှစ်ခုအတွက် SME လုပ်ငန်းချေးငွေ ကျပ် ၆၅ ဘီလျံကျော် ထုတ်ချေးမည်
Published 23 January 2018

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ဆန်စက်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

၂၀၁၈-၂၀၂၀ ကာလတိုသုံးနှစ်အတွင်း ဆန်စပါးမျိုးစေ့ထုတ်လုပ်ခြင်း၊ စပါးခွံမှ လျှပ် စစ်ထုတ်စက်ရုံများတည်ဆောက်ခြင်း အပါအဝင် ဆန်စပါးကဏ္ဍမှ စီမံကိန်းရှစ်ခုအတွက် SME လုပ်ငန်းချေးငွေ ကျပ် ၆၅ ဘီလျံကျော် ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၂၀ ကာလတိုသုံးနှစ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးစားပေး ရွေးချယ်ဆောင်ရွက်မည့် SME လုပ်ငန်းများ နှင့် လျာထားသည့်ချေးငွေလိုအပ်မှုမှာ  ဆန် စပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ကျပ်သိန်း ၆၂၀၀၀၊ ဆန်စပါးသို လှောင်ရုံ၊ အခြောက်ခံ စက်များတည်ဆောက်ခြင်းအတွက် ကျပ် သိန်း ၁၂၈၀၀၀၊ ပြည်ပတင်ပို့ရောင်းချသူ SME Exporter များအတွက် လုပ်ငန်းသုံးချေးငွေ ကျပ်သိန်း ၅၂၀၀၀၊ တောင်သူများစုဖွဲ့ပြီး အကျိုးတူ စုပေါင်းစိုက်ပျိုးထုတ်လုပ်သည့်  ဇုန်များဖော်ဆောင်မှုလုပ်ငန်းများအတွက် ကျပ် သိန်း ၅၄၀၀၀၊ ခေတ်မီဆန်စက်ယူနစ်များ တပ်ဆင်ရေး၊ ဆန်စက်အဆင့်မြှင့်တင်ရေး နှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ချေးငွေ ကျပ်သိန်း ၁၁၂၅၀၀၊ ဖွဲနုဆီစက်များ၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံစက်ရုံများ၊ ဆန်မှုန့်စက်ရုံများ၊ တိရစ္ဆာန်အစာစက်ရုံနှင့် စပါးခွံလောင်စာတောင့် စက်ရုံများ တည်ဆောက်ခြင်းအတွက် ကျပ်သိန်း ၇၂၀၀၀၊ ဘွိုင်လာ-တာဘိုင် စနစ်ဖြင့် စပါးခွံမှလျှပ်စစ်ထုတ်စက်ရုံများ (2-3 MGW Installed Capacity) တည်ဆောက်ခြင်းအတွက် ကျပ်သိန်း ၁၂၀၀၀၀ နှင့် Contingency & Reserve အတွက် ကျပ်သိန်း ၅၀၀၀၀ ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများတွင် SME, SME Cluster အရေအတွက် ၄၄၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးကဏ္ဍအတွက် လိုအပ်သော SME ချေးငွေချေးယူရေးနှင့်စပ်လျဉ်းပြီး အခြေခံမူဝါဒချမှတ်ခြင်းနှင့် ဦးစားပေးရွေးချယ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မည့်ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီမှလုပ်ငန်းများဆောင်ရွက်ခြင်း၊ ချေးငွေချေးယူရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ ချေးငွေရယူထားသော လုပ်ငန်းများ အကောင်အထည်ဖော်မှုအပိုင်းတွင် ညှိနှိုင်းပေါင်းစပ်ကြီးကြပ်ပေးခြင်း၊ ချေးငွေရယူထားသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခြင်း စသည့် အဓိကလုပ်ငန်းစဉ် ငါးရပ်သတ်မှတ်ထားကြောင်း သိရသည်။

ပို့ကုန်တိုးမြှင့်ရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုကို ဦးစေားပေးလုပ်ငန်းအဖြစ် ချေးငွေထုတ်ချေးမည်ဖြစ်သဖြင့် ဆန်စပါးကဏ္ဍအတွင်းမှ ချေးငွေရယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့်ဆက်သွယ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆန်စပါးလုပ်ငန်းဆောင်ရွက်နေသော SME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေရရှိရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်အစိုးရစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချေးငွေရရှိရေးအတွက် ဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်လျှော့ချ အစားထိုးရေးကိုလည်းကောင်း၊ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်မှုကိုလည်းကောင်း အခြေခံပြီး ဦးစားပေးလုပ်ငန်းများအား စနစ်တကျရွေးချယ်ပြီး စိစစ်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

လုပ်ငန်းများကို အဆင့်ဆင့်စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ SME များနှင့် အသေးစိတ်ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်သဖြင့် ချေးငွေရယူလိုသူများ MRF နှင့်ဆက်သွယ်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Most Read

Most Recent