စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် ဟိုတယ်၊ ရုံးခန်းနှင့် ဈေးဝယ်စင်တာ စီမံကိန်း သတ်မှတ်အထပ်မြင့်ထက် ကျော်လွန်နေပြီး ပြန်လည်လေ့လာ ဆန်းစစ်ရန်လိုအပ်ဟု ရွေးချယ်ခံ စည်ပင်သာယာကော်မတီဝင်ဟောင်း ဦးခင်လှိုင် ပြောကြား

စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် ဟိုတယ်၊ ရုံးခန်းနှင့် ဈေးဝယ်စင်တာ စီမံကိန်း သတ်မှတ်အထပ်မြင့်ထက် ကျော်လွန်နေပြီး ပြန်လည်လေ့လာ ဆန်းစစ်ရန်လိုအပ်ဟု ရွေးချယ်ခံ စည်ပင်သာယာကော်မတီဝင်ဟောင်း ဦးခင်လှိုင် ပြောကြား
Published 23 January 2018

စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်နေသည့် အထပ်မြင့်စိမံကိန်းကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် ဟိုတယ်၊ ရုံးနှင့် ဈေးဝယ်စင်တာ စီမံကိန်းမှာ သတ်မှတ်အထပ်မြင့်ထက် ကျော်လွန်နေပြီး ပြန်လည်လေ့လာဆန်းစစ်ရန် လိုအပ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးခင်လှိုင်က ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ဒီဗွီဘီ ဒီဘိတ်အစီအစဉ်တွင် ပြောကြားသည်။

“ကျွန်တော်တောင်းဆိုချင်တာကတော့ ရန်ကုန်မြို့မှာ အထွတ်အထိပ်ထားတဲ့ ရွှေတိဂုံဘုရားကြီးပဲဖြစ်ပါတယ်။ ဒီအထပ်မြင့်ဆောက်တာနဲ့ ပတ်သက်ပြီးတော့ ပြန်လည်လေ့လာ ဆန်းစစ်ဖို့လိုပါတယ်။ ဒုတိယတစ်ခုကတော့ စစ်သမိုင်းပြတိုက်ဖြစ်ပါတယ်။ စစ်သမိုင်းပြ တိုက်က တကယ်တမ်းတော့ အဲဒီနေရာက လေးထပ်ပဲဆောက်လို့ရတဲ့နေရာ” ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဇောတိက ဦးခင်လှိုင်က ဒီဗွီဘီဒီဘိတ်တွင် ပြောကြားသည်။

ဒီဗွီဘီဒီဘိတ်၏ ရန်ကုန်တိုင်းအစိုးရဆီက ဘာတွေသင်ခန်းစာယူမလဲ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ယခင်ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးခင်လှိုင် (ဇော တိက)၊ လူငယ်ကွန်ရက်ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇောတိကဦးခင်လှိုင်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းနှစ်ခုကြားကို ရောက်နေတယ်။ အဲဒီနေရာက ရွှေတိဂုံ အနီးအနားပတ်ဝန်းကျင် ဖြစ်တာကလည်းတစ်ကြောင်း၊ စလာကတည်းက ဦးဝိ စာရလမ်းကို လေးထပ်ထက်ပိုမပေးဘူး။ လမ်းအနေအထားအရ ပေးကိုမပေးတာ။ နောက်တစ်ခုက ရွှေတိဂုံဘုရားအနီးအနားမှာဖြစ်တဲ့အတွက် အထပ်မြင့်တွေ ဆောက်တာလုပ်လို့မရဘူး။ အဲဒါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြေအသုံးချ မှုမူဝါဒနဲ့ အမိန့်ကြော်ငြာစာများအရ အဲဒီနေရာကို လေးထပ်ထက် ဆောက်ခွင့်မရှိပါဘူး။ အဲဒါတွေအပြင် ရွှေတိဂုံဘုရားနဲ့ အလွန်နီးကပ်တဲ့အတွက်ကြောင့် အဲဒီနေရာကို လေးထပ်ထက် ပိုပေးလို့မရဘူး”ဟု ပြောကြားသည်။

“အဲဒီကိစ္စက အခုမှ မဟုတ်ဘူး။ အရင် အစိုးရလက်ထက်တုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာကတည်းက ဒီအထပ်မြင့်ကို ဆောက်ခွင့်မရှိဘူးဆိုပြီးတော့ အသိပေးအကြောင်းကြားပြီးဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အဲဒီတုန်းက မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ဘက်စုံကနေပြီး တော့လာတင်ပြတာ၊ ဥပဒေအရ ကျော်လုပ်လို့မရဘူးဆိုပြီးတော့ ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ၊ ဘာမှ အကြောင်းမပြန်ပဲထားတာဖြစ်တဲ့အတွက် အဲဒီလူတွေ ပြန်သွားကြတယ်။ မလုပ်ဖြစ်ဘူး။ အခုကျမှ သူတို့ လက်ရှိအစိုးရနဲ့မှ ပြန်လုပ်တယ်ဆိုတာကတော့ မသင့်တော်ဘူး”ဟု ဇောတိက ဦးခင်လှိုင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းအား ယခုအစိုးရလက်ထက် ပြည်သူမှ ရွေးချယ်တင်မြှောက်သော ကော်မတီဝင်များမရှိခင် အစိုးရခန့်အပ်သည့် ကော်မတီဝင်လေးဦးနှင့် ဆုံးဖြတ်လိုက်သည့် ပုံစံဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဘယ်အစိုးရပဲတက်တက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အထပ်မြင့်နဲ့ပတ်သက်တဲ့မူဝါဒများ ညွှန်ကြားချက်ကို လေးစားလိုက်နာဖို့လိုအပ်ပါတယ်။ မိမိနဲ့ အဆင်ပြေရင်ပြေသလို ဘောင်ကိုကျော်ပြီးတော့ မြေကို ခွင့်ပြုချက်ယူပြီး ဆောက်လုပ်လို့ တွေ့ရှိခဲ့ရင် ဥပဒေပါအတိုင်းဆောင်ရွက်တဲ့အခါ ဆုံးရှုံးနစ်နာမှုများ ကိုယ်သာလျှင်ခံစားရတာဖြစ်ပါတယ်”၎င်းက ဆက်လက်ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးပိုင် တပ်မတော်စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်နိုင်ငံမှ အကျိုးတူပူးပေါင်းပါဝင်သည့် Y Complex ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ရင်းနှီးမြှုပ်နှံကာ ဟိုတယ်၊ ရုံးခန်းနှင့် ဈေးဝယ်စင်တာ စီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက နိုဝင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (နဝမနေ့) တွင်ပြောကြားထားသည်။

အဆိုပါကိစ္စအား ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်စစ်သမိုင်းပြတိုက်နေရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်စီမံကိန်းတစ်ခုအား လုပ်ကိုင်ဆောင် ရွက်နေသည့်သတင်း မှန်ကန်မှု ရှိ မရှိ မှန်ကန်မှုရှိပါက အဆိုပါမြေနေရာသည် မည်သည့် ဌာနပိုင်မြေနှင့် အဆောက်အအုံဖြစ်ကြောင်း၊ အကျယ်အဝန်းဧရိယာ မည်မျှရှိပြီး မည်သည့်စနစ်၊ မည်သည့်ပုံစံဖြင့် စာချုပ်ချုပ်ဆိုကာ  စီမံကိန်းလုပ်ကိုင်ခြင်းဖြစ်သည်နှင့် ပြည်သူ များအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးရှိမည်ကို အသေးစိတ်သိရှိလိုကြောင်း၊ ခွင့်ပြုခဲ့သည့် စီမံကိန်းအပေါ် ပြည်ထောင်စုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ ထုတ်ပြန်ထားရှိသည့် မြို့ပြအိမ်ရာစီမံကိန်းဆိုင်ရာ အချက်အလက် စည်းကမ်းများနှင့် ညီညွတ်မှုရှိမရှိ သိရှိလိုကြောင်း မေးခွန်းအား မေးမြန်းခဲ့ရာတွင် ဝန်ကြီးဦးမြင့်သောင်းက ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆောက်လုပ်တဲ့ကာလအတွင်းမှာ မြေအသုံးချမှုပရီမီယံက အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိပါတယ်။ ဆောက်လုပ်တဲ့အချိန် မြေငှားရမ်းခကိုတော့ တစ်နှစ်လျှင် ငါးသိန်းရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့နှစ်တွေမှာတော့ စီးပွားဖြစ် လည်ပတ်နေတဲ့အချိန်မှာတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၂၅၆ သန်းဖြစ်ပါတယ်။ အဲဒီတော့ ဆောက်လုပ်နေတဲ့လုပ်ငန်းများ ပြီးသွားရင်တော့ လုပ်သားအင်အား ၅၂၇ ယောက် ရရှိမှာဖြစ်ပါတယ်။ အခုဒီလုပ်ငန်းကို ဒီနှစ်ခုလုံးကတော့ ဆောက်လုပ်မယ့် ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အဆင့်မီ ဟိုတယ် Office and Shoping Complex တည်ဆောက်ခြင်း လုပ်ငန်းဖြစ်ပါတယ်။ အဆောက်အအုံတွေပြီးလာရင်တော့ နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်တွေဖြစ်လာမယ်။ Office Complex တွေဖြစ်လာမယ်။ Shoping Complex တွေဖြစ်လာမယ်။ ဆောက်တဲ့အခါတော့ ကျွန်တော်တို့ ဟိုတယ်တွေကို ရှစ်ထပ်ဆောက်ဖို့ တင်ပြထားပါတယ်။ Office များကိုလည်း ရှစ်ထပ်ဆောက်မယ်လို့ တင်ပြထားပါတယ်။ Shopping Mall ကိုတော့ နှစ်ထပ်ဆောက်မယ်လို့ တင်ပြထားပါတယ်။ အဓိက အားဖြင့်တော့ ဒီလုပ်ငန်းနဲ့ စီမံကိန်းများကို ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်များကို ရှာဖွေရရှိခြင်း ရန်ကုန်မြို့ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးမြင့်သောင်းက ပြောကြားထားသည်။

ထို့ပြင် ပထမပိုင်းအနေဖြင့် ၉ ဒသမ ၀၂၈ ဧက တည်ဆောက်မည့် စီမံကိန်းအား အပိုင်းနှစ်ပိုင်းခွဲထားပြီး ၅ ဒသမ ၀၇ ဧကမှာ ပထမစီမံကိန်းဖြစ်ကာ ဒုတိယအပိုင်းအနေဖြင့် ၃ ဒသမ ၉၉ ဧကအပေါ်တွင် ၂၀၁၇ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ဖြင့် နောက်ထပ် စီမံကိန်းပရောဂျက်တစ်ခုအား Yangon Technical and Trading Co., Ltd  နှင့် ဂျပန်နိုင်ငံမှ မစ္စတာယူရှီယိုစူကီတို့ ပူးပေါင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံသားကုမ္ပဏီသည် Yangon Museum Development PTE Ltd ဟု ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းကာ Y Complex Co.,Ltd ထူထောင်ပြီး လုပ်ငန်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ရင်းနှီး မြှုပ်နှံမည်ဖြစ်ကာ  MIC က ခွင့်ပြုမိန့် ပထမဆုံး ရင်နှီးမြှုပ်နှံမှုဥပဒေ၏ ပထမဆုံးပါမစ်ကို ထုတ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဆောက်လုပ်တဲ့စနစ်ကတော့ BOT စနစ်ဖြစ်ပါတယ်။ ကနဦး နှစ် ၅၀ နဲ့ ခွင့်ပြုခဲ့ပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကတော့ ၄၈ ဒသမ ၈၁ သန်းဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မြေအသုံးချမှု ပရီမီယံတစ်ဧကကို ၂ ဒသမ ၅ သန်းရရှိပါတယ်။ ငှားရမ်းခကလည်း ပထမ သုံးနှစ်တာကာလမှာ အမေရိကန်ဒေါ်လာ တစ်နှစ်ကို ၁ ဒသမ ၇၁၉ သန်းနဲ့ ကျန်တဲ့နှစ်များမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆ သန်းနဲ့ ကတိကဝတ် စာချုပ်ချုပ်ထားပြီးဖြစ်ပါ တယ်။ ဒီဟာက ပထမစီမံကိန်းပါ။ ပထမစီမံကိန်းအနေနဲ့ လုပ်ကိုင်ရရှိမှုကတော့ လုပ်သား ၃၅၀ ရမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားထားသည်။

“သူတို့ တရားဝင်လာရှင်းပြတာက ကိုးထပ်၊ လွှတ်တော်ထဲကျတော့ ရှစ်ထပ်ဖြစ်သွားတယ်။ အဲဒီနေရာမှာ နောက်ဆုံး သတ်မှတ်ထားတာကတော့ လေးထပ်လို့ပဲသိရတယ်။အဲဒီကိစ္စကို လွှတ်တော်ထဲမှာ ပြန်လည်စိစစ်ပါမယ်လို့ပဲပြောသွားတယ်။ ဒီဗွီဘီဒီဘိတ်မှာ လည်း ဦးခင်လှိုင်က အဲဒီကိစ္စကို ထောက်ပြတယ်။ စည်ပင်ဥပဒေကလည်း ရေးဆွဲနေတယ်။ ဇုန်သတ်မှတ်ချက်ကလည်း ထပ်ဆွဲတယ်။ အဲဒီလိုဆွဲတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်ကို လေးထပ်ထက် မပိုရဘူးဆိုပြီးတော့ ပြောထားတယ်။ နောက်ဆုံး အခြေအနေကတော့ တရားဝင်အဖြေတော့ မထွက်သေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဇုန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခေါ်ညှိတယ်။ မြို့တော်စည်ပင်ခန်းမမှာ လုပ်တယ်။ ဆန္ဒပြောပါဆိုလို့ ဒဂုံမြို့နယ်ထဲမှာ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ကနေ မြို့ပတ်ရထားလမ်းကြား ဧရိယာ၊ တစ်ဖက်က ပြည်လမ်း၊ နောက်ပြီးတော့ အလံပြဘုရားလမ်း၊ အဲဒီနေရာတွေကို ရွှေတိဂုံဇုန်အဖြစ် လေးထပ်ဆိုပြီးတော့ ကျွန်တော်က အကြံပြုလိုက်တယ်။ ပြန်လည်စိစစ်တာ စိစစ်နေတာ ချုပ်ထားတဲ့ စာချုပ်ကတော့ ကိုးထပ် သက်ဆိုင်ရာကုမ္ပဏီက လာရှင်းပြတယ်။ သူတို့လာရှင်းပြတာက ပဉ္စမပုံမှန်အစည်းအဝေး မစခင်က လာရှင်းပြတာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အလံပြဘုရားလမ်းပေါ်ရှိ ရွှေတိဂုံစေတီ နှင့် နီးကပ်သည့် ဒဂုံစီးတီးစီမံကိန်းကို ရွှေတိဂုံမြင်ကွင်း၊ အသုံးပြုမည့်လမ်း၊ ရေ၊ ယဉ်ကျေးမှု ဇုန် စသည့်ကိစ္စရပ်များကြောင့် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် မြေနေရာအစားထိုးအဖြစ် ကမ္ဘာအေးစေတီလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ ရန်ကင်းမြို့နယ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင်မြေနေရာ ၁၇ ဒသမ ၇၀ ဧက အား အစားထိုးချပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent