လှည်းကူးမြို့နယ်ရှိ ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်း ငါးခုအား FDA က ရက်အကန့်အသတ် မရှိ ပိတ်သိမ်း

လှည်းကူးမြို့နယ်ရှိ ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်း ငါးခုအား FDA က ရက်အကန့်အသတ် မရှိ ပိတ်သိမ်း
Published 10 August 2017

သြဂုတ် ၉ ရက်က လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား FDA က ရှောင်တခင်သွားရောက်စစ်ဆေးနေစဉ်

သြဂုတ် ၉ ရက်က လှည်းကူးမြို့နယ်ရှိ ထောက်ခံချက် လျှောက်ထားခြင်း မရှိသော သောက်ရေသန့်လုပ်ငန်း ငါးရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်း အရေးယူခဲ့ပြီး စိစစ်ဆဲ၊ ထောက်ခံချက် ရရှိပြီးသော သောက်ရေသန့်စက်ရုံ လေးရုံကို ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် အညီ ထုတ်လုပ်မှု မရှိသောကြောင့် ယာယီရပ်ဆိုင်း အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲမှ သိရသည်။

သြဂုတ် ၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရန်ကုန်ရုံးခွဲနှင့်အတူ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်း မရှိသော သောက်ရေသန့်လုပ်ငန်း ငါးခုအား ရှောင်တခင် စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် အညီ ထုတ်လုပ်မှု မရှိသောကြောင့် စက်ရုံပိုင်ရှင်အား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ် မရှိ ပိတ်သိမ်း အရေးယူခဲ့ကြောင်း၊ ၎င်းသောက်ရေသန့် လုပ်ငန်းများအနေဖြင့် FDA သို့ ထောက်ခံချက် လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ပိတ်သိမ်း အရေးယူခဲ့သော သောက်ရေသန့်များမှာ စွမ်း၊ ဖိုးချစ်၊ Myat Noe Eain ၊ Kar Kar၊ ရိဒ်သက်စမ်းရေ အမှတ်တံဆိပ်များ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လှည်းကူးမြို့နယ်တွင် ပိတ်သိမ်း အရေးယူခဲ့သော သောက်ရေသန့် လုပ်ငန်းများအနက် ဆက်လက်ဖြန့်ဖြူး ရောင်းချနေသော နန္ဒာဂီရိနှင့် ကောင်းကင် သောက်ရေသန့် လုပ်ငန်းများကိုလည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမပြုရန် ခေါ်ယူ၍ အထူးသတိပေးခဲ့ပြီး စိစစ်ဆဲနှင့် ထောက်ခံချက် ရရှိပြီးသော သောက်ရေသန့် စက်ရုံ လေးရုံအား ထပ်မံ ရှောင်တခင်စစ်ဆေးခဲ့ရာ စက်ရုံများမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် မကိုက်ညီခြင်း၊ မလိုက်နာခြင်းတို့ တွေ့ရှိသဖြင့် စက်ရုံစစ်ဆေး တွေ့ရှိချက်များအပေါ် မူတည်၍ စက်ရုံများအား တစ်ပတ်မှ နှစ်လအထိ ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်း မပြုရန် နှင့် စက်ရုံအား ပြုပြင်ရန် သတိပေးခဲ့ကြောင်း သိရသည်။

ဈေးကွက်၌ တရားမဝင် ထုတ်လုပ်ဖြန့် ဖြူး ရောင်းချနေသည့် သောက်ရေသန့်လုပ်ငန်း များစွာရှိနေပြီး အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသည့် လုပ်ငန်းများ အပါအဝင် ထုတ်လုပ်ခွင့် ယာယီ ဆိုင်းငံ့ထားသည့် လုပ်ငန်းများ ပြန်လည်ထုတ်လုပ် ရောင်းချပါက ဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း FDA မှ သိရသည်။

သောက်ရေသန့် လုပ်ငန်းများ ထုတ်လုပ်ခြင်း ထောက်ခံချက်ပေးသည့် လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန်နှင့် လျင်မြန်စေရန် ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီး ရှိ FDA ခရိုင် ရုံးခွဲများဖြစ်သော မြောက်ပိုင်း နှင့် တောင်ပိုင်းခရိုင် ရုံးများတွင် လျှောက်ထားခွင့် ပြုထားကြောင်းနှင့် ယခုနှစ်အတွင်း သောက်ရေသန့်လုပ်ငန်းသစ် ၈၂ ခု၊ တိုးချဲ့ ၁၉ ခုနှင့် သက်တမ်းတိုးလုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန် စိစစ်ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent