မင်းလှမြို့နယ် စိန်ကန့်လန့်ကျေးရွာအနီး သဘာဝအတိုင်းထားရှိသည့် မုက္ခာရေတံခွန်ဆင်စခန်း စတင်ဖွင့်လှစ်

မင်းလှမြို့နယ် စိန်ကန့်လန့်ကျေးရွာအနီး သဘာဝအတိုင်းထားရှိသည့် မုက္ခာရေတံခွန်ဆင်စခန်း စတင်ဖွင့်လှစ်
Published 6 January 2018

သဘာဝအတိုင်းထားရှိသည့် မုက္ခာရေတံခွန်ဆင်စခန်းသို့ လာရောက်လည်ပတ်သူများအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင် မင်းလှမြို့နယ် စိန်ကန့်လန့် ကျေးရွာအနီးရှိ သဘာဝအတိုင်းထားရှိသည့် မုက္ခာရေတံခွန်ဆင်စခန်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်စခန်းဖွင့်ပွဲကို ဇန်နဝါရီ ၄  ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းဆင်စခန်းမှာ မင်းလှမြို့နယ် ရန်ကုန်-ပြည် ကားလမ်းပေါ်မှ သုံးမိုင်အကွာ စိန်ကန့်လန့် ကျေးရွာ ယင်းမှ ငါးမိုင်ကျော်ခန့် သွားရောက်ရပြီး ပဲခူးရိုးမအစပ်တွင်တည်ရှိကြောင်း မုက္ခာဆည်မှစီးဆင်းနေသည့် သဘာဝအတိုင်း တည်ရှိသော ရေတံခွန်နှင့် ယင်းအနီးတွင် ဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“အရင်ကလည်း ဖွင့်လှစ်ဖို့စီစဉ်ဖူးပါတယ်။ သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် သစ်ထုတ်လုပ်တဲ့ အခြေအနေများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာပါ။ ဒီနေရာကို ယခင်က ဆင်စခန်းမဖွင့်ခင်က ရေတံခွန်ဆိုတော့ ဆည်ကနေလွှတ်တဲ့ရေ ကြောင့် ရေပိုလွှဲကထွက်လာတဲ့ရေက သဘာဝအတိုင်း ကျောက်ဆောင်လေးတွေအပေါ်မှာ စီးလာတဲ့အခါမှာ အရိပ်အာဝါသကောင်းတာကြောင့် လူတွေက ခဏလာနားခိုတာ အစားအသောက်ယူဆောင်လာပြီး နားနေတာမျိုး လုပ်ခဲ့ဖူးတယ်။ ဒီကနေ ၁၂ မိုင်ဝေးတဲ့နေရာ မှာလည်း ကျွန်တော်တို့ မူလဆင်စခန်းတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ခရိုင်သစ်ထုတ်လုပ်တဲ့ ဆင်စခန်းပါ အဲဒါကို တောလမ်းကနေဖြတ်ပြီးတော့ ဒီနေရာကိုရွှေ့ပြီး အများပြည်သူသွား လာနိုင်တဲ့နေရာမှာ ယခင်ဆင်စခန်းများကဲ့သို့ ဆင်တွေရဲ့သဘောသဘာဝကိုသိရှိဖို့ နောက်ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့လေ့ကျင့်ထားတဲ့ဆင်တွေ၊ လေ့ကျင့်မထားတဲ့တော ဆင်ရိုင်းတွေကို ဈေးကွက်အရ သတ်ဖြတ်လာတာနဲ့ပတ်သက်ပြီး ပြည်သူလူထုက ကာကွယ် ဖို့လိုအပ်တယ်ဆိုတဲ့ အသိစိတ်ရှိလာအောင်ပါ”ဟု ပဲခူးတိုင်းဒေသကြီး သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

ဆင်စခန်းများဖွင့်လှစ်ရာတွင် သစ်လုပ်ငန်းရပ်နားထားသည့်ဆင်များနှင့် နိုင်ငံတော်ဘဏ္ဍာကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေး ခြင်း၊ ပြည်သူလူထုအနေဖြင့် ဆင်များအား ချစ်ခင်လာပြီး တောဆင်ရိုင်းများ သတ်ဖြတ်ခံရခြင်းမှ ဝိုင်းဝန်းကာကွယ်လာစေခြင်းနှင့် ဆင်များ၏တောနေသဘာဝများကိုသိရှိနိုင် လာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဆင်စခန်းတွင် မုက္ခာရေတံခွန်နှင့် အရိပ်အာဝါသကောင်းသော ဝါးတောများ၊ ဆင်စီးရန် သဘာဝတောလမ်းများလည်း ထားရှိပြီး ဌာနပိုင်ဆင် ၁၃ ကောင်ထားရှိကာ ဝင်ကြေးနှင့် ဆင်စီးခနှုန်းထားများမှာ ယခင်ဆင်စခန်းများနည်းတူ ပြည်တွင်းဝင်ကြေး ကျပ် ၅၀၀၊ ဆင်စီးခ ကျပ် ၂၀၀၀၊ ပြည်ပဝင်ကြေး ကျပ် ၂၀၀၀၊ ဆင်စီးခ ကျပ် ၂၀၀၀၀ နှုန်း ကောက်ခံကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဆင်စခန်းများအဖြစ်

ဖိုးကျား၊ ဝင်္ဂဘော၊ မှော်ယောကြီး၊ နတ်မှော်နှင့် ယခု မုက္ခာဆင်စခန်းတို့ရှိကြောင်း သိရသည်။

Most Read

Most Recent