ဆဋ္ဌမတန်းကျောင်းသူတစ်ဦးအား ကျောင်းအတွင်းအတူနေထိုင်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုသူ လူငယ်အား အမှုဖွင့်ဖမ်းဆီး

ဆဋ္ဌမတန်းကျောင်းသူတစ်ဦးအား ကျောင်းအတွင်းအတူနေထိုင်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုသူ လူငယ်အား အမှုဖွင့်ဖမ်းဆီး
Published 29 December 2017

ဆဋ္ဌမတန်းကျောင်းသူတစ်ဦးအား ကျောင်းအတွင်းအတူနေထိုင်ပြီး သားမယား ပြုကျင့်ခဲ့သည်ဟုဆိုသူ လူငယ်တစ်ဦးအား ဖမ်းဆီးအမှုဖွင့်ကာ ရမန်ယူစစ်ဆေးနေကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အမှုဖွင့် ဖမ်းဆီးရမန်ယူထားသည့်လူငယ်မှာ သာကေတမြို့နယ်ရှိ အခြေခံပညာ ကျောင်းတစ်ကျောင်းမှ ကျောင်းစောင့် အမျိုးသား၏တူ ကို...(၁၆နှစ်) ဖြစ်ပြီး ၎င်းအား ဒီဇင်ဘာ ၂၄ ရက်က သာကေတနယ် မြေရဲစခန်းက (ပ)၁၃၃၉/ ၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၇၆/ ၃၆၃ဖြင့် အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အဲဒီကောင်လေးက ကျောင်းစောင့်ရဲ့ တူလေးပါ။ သူ့ကို အခုရမန်ယူထားပြီး ရဲစခန်းမှာ ထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်” ဟု အ ရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သာကေတမြို့နယ်နေ ဦး....သည် ဒီဇင်ဘာ ၂၃ ရက်တွင်  အမှတ်(..)အခြေခံပညာ အထက်တန်းကျောင်း (သာကေတ) မြို့နယ်တွင် ဆဋ္ဌမတန်းတက်ရောက်နေသည့် မ...(၁၃ နှစ်) မှာ နေအိမ်သို့ ပြန်မရောက်လာသဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ လာရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်တိုင်တန်းချိန်တွင် ဦး... အား အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများက သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်ပြီး လူပျောက်တိုင်တန်းရန် ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သာကေတ (၈) ရပ်ကွက်ထဲမှာ အမျိုးသားတစ်ဦးက သူ့သမီးပျောက်နေတယ်ဆိုလို့ လာပြီး အုပ်ချုပ်ရေးရုံးကို လာတိုင်တာ။ အဲဒီတော့ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာရဲစခန်းသွားပြီး လူပျောက်တိုင်ဖို့ ပြောဆိုပါတယ်။ အဲဒီလိုပြောတဲ့အချိန်မှာလည်း သူ့သမီးလေးနဲ့ တွဲနေတယ်လို့ သိရတဲ့ ကျောင်းစောင့်ရဲ့ တူဖြစ်သူလည်း ပါလာတယ်။ သူ့ကိုမေးတော့ အဲဒီကောင်လေးက ပျောက်နေတဲ့ ကောင်မလေးနဲ့ မပျောက်ခင် မနက်ပိုင်းက တိုင်းရင်းသားကျေးရွာသွားတယ်။ ပြီးတော့ ကောင်လေးက  ကောင်မလေးနေတဲ့ လမ်းထိပ်မှာ ကောင်မလေးကို ထားခဲ့တယ်လို့ပြောတယ်” ဟု သာကေတမြို့နယ် (၈) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့အမှုဖွင့်ပြီး နောက်ရက်၌ ပျောက်ဆုံးနေသည့် မ...(၁၃ နှစ်)အား အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း (သာကေတ)ကျောင်းဝင်းအတွင်းရှိ အခန်းတစ်ခန်း၌ ကျောင်းအုပ်ဆရာမကြီးက တွေ့ရှိခဲ့ကြောင်း၊ ထိုသို့တွေ့ရှိသဖြင့် ကျောင်းအုပ်ဆရာမကြီးက သက်ဆိုင်ရာအဖွဲ့များသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အမှုဖွင့်ပြီးနောက်နေ့ကျတော့ အဲဒီကျောင်းဝင်းထဲက အခန်းတစ်ခန်းမှာ ပြန်တွေ့တယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သွားစစ်ဆေးတော့ ကျောင်းစောင့်ရဲ့တူက ကောင်မလေးကို ခေါ်ထားတာလို့ သိရပါတယ်။ ဖြစ်တာက ကျောင်းစောင့်ရဲ့တူက ကောင်မလေးကို ကျောင်းဝင်းနောက်ဘက်ကနေ ခိုးဝင်ပြီး အခန်းတစ်ခန်းထဲမှာ ထည့်ထားတယ်လို့ သိရပါတယ်။ ပြီးတော့ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမန်ယူထားသည့် ကို ...(၁၆ နှစ်)မှာ အဆိုပါကျောင်းတွင် ဦးလေးဖြစ်သူ နှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ကာလမှာ ဒီဇင်ဘာ ကျောင်းရက်ရှည် ပိတ်ရက်ဖြစ်သဖြင့် ကျောင်းဝင်းအတွင်း နေထိုင်သည့် ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းစောင့်ဝန်ထမ်းနှစ်ဦးတို့၏ မိသားစုများသာရှိကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent