ဒုတိယကမ္ဘာစစ် မတိုင်မီကတည်းက မျိုးသုဉ်းပျောက်ကွယ်သည်ဟု ယူဆခဲ့ကြသော ရခိုင်တောင်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေ

ဒုတိယကမ္ဘာစစ် မတိုင်မီကတည်းက မျိုးသုဉ်းပျောက်ကွယ်သည်ဟု ယူဆခဲ့ကြသော ရခိုင်တောင်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေ
Published 28 December 2017

မျိုးသုဉ်းပျောက်ကွယ်သည်ဟု ယူဆထားခဲ့ကြသော ရခိုင်တောင်လိပ်ကို တွေ့ရစဉ်

ဒုတိယကမ္ဘာစစ် မတိုင်မီကတည်းက မျိုးသုဉ်းပျောက်ကွယ်သည်ဟု ယူဆထားခဲ့ကြသော ရခိုင်တောင်လိပ်များကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တောင်လိပ်များသည် မြန်မာနိုင်ငံ၏ ဒေသရင်းဖွား မျိုးစိတ်ဖြစ်ပြီး မျိုးသုဉ်းရန် အလွန်နီးသည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ရခိုင်တောင်လိပ်များ အများဆုံးနေထိုင်ရာ ရခိုင်ပြည်နယ်ရှိ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောတွင် သစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ပူးပေါင်း၍ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ပြုလုပ်နေကြာင်း WCS/TSA မှ ရခိုင်တောင် လိပ်ပရောဂျက်တာဝန်ခံ လက်ထောက်သုတေသနမှူး ကိုထွန်းသူ၏ ပြောကြားချက်အရ သိရသည်။

“ဒီလိပ်က မြန်မာနိုင်ငံမှာပဲ တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒေသရင်းဖွား မျိုးစိတ်ပါ။ မြန်မာနိုင်ငံမှာတောင်မှ တခြားနေရာမှာ မရှိဘူး။ ရခိုင်ပြည်နယ် တစ်ခုတည်းမှာပဲရှိတာ။ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ဒီလိပ်ကို မျိုးသုဉ်းသွားပြီဆိုပြီး သိပ္ပံပညာရှင် အကုန်လုံးက ပြောခဲ့ကြတယ်။ နောက်တော့ တရုတ်ပြည် ဈေးကွက်မှာ ၁၉၉၀ ခုနှစ်လောက်မှာ ပြန်တွေ့တယ်။ ပြန်တွေ့ပြီး လေ့လာတော့ မျိုးသုဉ်းသွားတဲ့အထိ မဟုတ်တော့ဘူး။ ရှိတော့ ရှိသေးတယ်။ ဒါပေမဲ့ တအားကြီး ပေါတာတော့ မဟုတ်ဘူး။ ထိန်းသိမ်းနေရတဲ့ အနေအထားမှာ ရှိနေတယ်။ အဓိကက ဒေသခံတွေ နားလည်ပြီး တောထဲကလိပ်တွေကို သတ်မစားဖို့ ပညာပေး လုပ်ရတယ်။ ရွာသားတွေ နားလည်အောင် ပညာပေး ဟောပြောပွဲတွေ လုပ်ရတယ်။ ခြံလှောင်မွေးမြူတာတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ ခြံလှောင်မွေးတာကို တအားကြီး အဓိကထားပြီး မလုပ်ပဲနဲ့ ဒီရခိုင် တောင်လိပ်တွေကို သဘာဝအတိုင်း ရှင်သန်နိုင်အောင် ကာကွယ်ထိန်းသိမ်းနိုင်အောင် စက် (Transmitter) တပ်ဆင်ပြီး သုတေသန လုပ်နေတာပေါ့” ဟု ကိုထွန်းသူက ဆိုသည်။

ရခိုင်တောင်လိပ်များ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားရခြင်းမှာ ၎င်းတို့၏ သားပေါက်နှုန်း နည်းပါးမှု၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုနှင့် ရခိုင်တောင်လိပ်များ နေထိုင်ရာ ဒေသရှိ ဒေသခံအချို့၏ သတ်ဖြတ်စားသောက်မှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

“အဓိကက ရွာသားတွေက စားတာများတယ်။ အဲဒီဘက်က ရွာတွေက လမ်းပန်းဆက်သွယ်ရေးလည်း ခက်တယ်။ ပိုက်ဆံရှိရင်တောင်မှ အသားဝယ်စားဖို့ခက်တော့ တောထဲကိုပဲ မှီခိုနေရတယ်။ တောထဲမှာရှိတဲ့

အကောင် ဘယ်အကောင်ကိုပဲ ရရပေါ့။ ဖမ်းပြီးအသားစားရတာပေါ့။ ဖမ်းပြီးရောင်းတယ် ဆိုတာကလည်း အပြင်လူတွေက လာပြီးဝယ်ကြလို့လေ။ ဒါကြောင့် ရွာထဲကို အပြင်လူတွေလာပြီး လိပ်ခွံတွေ လာဝယ်တာရှိရင် အကြောင်းကြားဖို့ ရွာသားတွေ နားလည်အောင် သေချာလေးပြောပြီး ပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့ ဒီလိပ်တွေ ဆက်မဖမ်းတော့ဘူးဆိုရင် ရေရှည်မှာ မျိုးသုဉ်းတာတွေ မရှိနိုင်တော့ဘူးပေါ့။ ရခိုင်တောင်လိပ်များကို မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ ချင်းပြည်နယ်ရှိ နေရာအချို့နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း ယခုအခါ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်ကြားတွင်သာ အများဆုံး တွေ့ရှိရ ကြောင်း သိရသည်။

Most Read

Most Recent