အသွင်ကူးပြောင်းရေးကာလတွင် ပဋိပက္ခတွန်းအားပေးသည့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန် ကချင်တိုင်းရင်းသားပါတီများနှင့် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

အသွင်ကူးပြောင်းရေးကာလတွင် ပဋိပက္ခတွန်းအားပေးသည့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန် ကချင်တိုင်းရင်းသားပါတီများနှင့် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်
Published 24 December 2017

ကချင်ပြည်နယ် မြစ်ကြီးနားမြစ်ဆုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

အသွင်ကူးပြောင်းရေးကာလတွင် ပဋိပက္ခတွန်းအားပေးသည့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန် ကချင်တိုင်းရင်းသားပါတီများနှင့် လူမှုအဖွဲ့အစည်းများက သဘောထားထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့၊ သီတာနှစ်ခြင်း ခရစ်ယာန်ကျောင်းတွင် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ကျင်းပခဲ့သည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC) နှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ကချင်ပြည်နယ် ဖက်ဒရယ်စွမ်းအင်မူဝါဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒဖိုရမ်က သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသဘောထားထုတ်ပြန်ချက်တွင် အချက်ရှစ်ချက်ပါဝင်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်အားလုံး၏ ပိုင်ရှင်သည် မူလဌာနေ တိုင်းရင်းသားများဖြစ်ကြောင်း၊ စွမ်းအင်၊ ပတ်ဝန်းကျင်မူဝါဒများရေးဆွဲရာတွင် ဒေသခံဌာနေတိုင်းရင်းသားများ၏ အကြံပြုချက်ကို ထည့်သွင်းရေးဆွဲရန်၊ စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ ဌာနေတိုင်းရင်းသားများပိုင်ဆိုင်သည့် သစ်တော၊ စားကျက်မြေ၊ ဥယျာဉ်၊ စိုက်ခင်း၊ အိမ်ရာမြေနှင့်ဘာသာရေးကျောင်းများ ပရဝဏ်များကို ဖျက်ဆီးခြင်း၊ ကျူးကျော်ခြင်းမပြုဘဲ အစိုးရနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများကထိန်းသိမ်းရန်၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်အာဏာရှိရန်၊ ဥပဒေပါအချက်အလက်များသည် ဒေသခံကချင်တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံနိုင်သော ဥပဒေဖြစ်ရန်၊ အသွင်ကူးပြောင်းရေးကာလတွင် ပဋိပက္ခတွန်းအားပေးသည့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန်၊ ဌာနေတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် ဟန်ပြစီမံကိန်းများနှင့် အမျိုးသားဥယျာဉ်သတ်မှတ်ခြင်းကဲ့သို့သော လုပ်ငန်းများရပ်ဆိုင်းရန်၊ ဒေသခံဌာနေတိုင်းရင်းသားများ၏ သဘာဝရင်းမြစ်ကို ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် စသည့်အချက်များကို သဘောထားထုတ်ပြန်ခဲ့သည်။

လူမှုအဖွဲ့အစည်းမှ ဦးစာဂျီးက “လက်ရှိမှာရင်ဆိုင်နေရတာက စစ်ရှောင်ကျေးရွာဝန်းကျင်က မြေယာတွေစိုက်ပျိုးရေးလုပ်တဲ့ ကုမ္ပဏီတွေလက်ထဲရောက်နေတာ။ အထူးသဖြင့် ဝိုင်းမော်-လိုက်ဇာသွား လမ်းဘေးကရွာတွေပေါ့။ တခြားတိုင်းရင်းသားတွေ သွားနေကြတယ်။ မြေတွေယူကြတယ်။ ရေရှည်မှာ ပဋိပက္ခအဖြစ် ပိုရှုပ်ထွေးမယ်။ နောက်ပြီး စွမ်းအင်ဆိုရင် ကချင်ပြည်နယ်က ၁၄၀ မဂ္ဂါဝပ်ပဲလိုတယ်။ အခုထွက်နေတာ ၃၃၀ မဂ္ဂါဝပ်ရှိတယ်။ လျာထားချက်ဆောက်မယ့် ရေကာတာတွေ ပေါင်းရင်မဂ္ဂါဝပ် ၂၀၀၀၀ ကျော်တယ်။ ဒီလိုဆိုရင်ဒေသခံတွေ ထိခိုက်စရာရှိတယ်။ ဒေသခံ အကျိုးကျေးဇူးမရှိဘဲ ဒါတွေလုပ်ရင် ပဋိပက္ခတွေ ရေရှည်သွားမယ်။ ဒါကြောင့် မူဝါဒပေါ်ပေါက်လာဖို့ ဒီလိုအစည်းအဝေးလုပ်ရတာပါ။ ကချင်ပြည်နယ်အတွက်က အသွင်ကူးပြောင်းရေးကာလလို့တောင် ပြောမရသေးတော့ ဒီမူဝါဒတွေကို ဘယ်မှာမှဆွေးနွေးခွင့်တော့မရှိသေးဘူး” ဟုပြောကြားသည်။

အဆိုပါဖိုရမ်သို့ ကချင်ပြည်နယ်အတွင်းမှ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ပူတာအို၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ တနိုင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ချီဖွေ၊ မြစ်ကြီးနား စသည့်ဒေသအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent