နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် (၁၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် (၁၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေး
Published 21 December 2017

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား ချမ်းမြသာစည်မြို့နယ် တရားရုံး၌် (၁၇) ကြိမ်မြောက်ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရအား ကန့်ကွက်ဆန္ဒပြသည့်  မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့်လူပုဂ္ဂိုလ်များအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် စွဲဆိုထားရာ ဒီဇင်ဘာ၂၀ ရက်က (၁၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ၂၇ ရက်တွင် သံဃာတော်များအား အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်မှာ သံဃာတော်ခြောက်ပါးကို စွဲဆိုထားတဲ့အမှုက တရားခံတွေကို စစ်ဆေးခဲ့ပြီးတဲ့နောက် အပြီးသတ် လျှောက်လဲချက် တစ်ခါတည်း ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂၇ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ပါမယ်။ ကိုကျော်မျိုးရွှေကို စွဲဆိုထားတဲ့ အမှုကတော့ စစ်ဆေးဆဲ ဖြစ်ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေး အရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဦးကျော်စွာလင်းက အမှုနှင့် ပတ်သက်၍ မီဒီယာများအား ရှင်းလင်းပြောကြားသည်။

သံဃာတော်များကို စွဲဆိုထားသည့်အမှုမှာ အပြီးသတ် အမိန့်ချမှတ်တော့မည် ဖြစ်သော်လည်း ကိုကျော်မျိုးရွှေ အမှုတွင်မူ တရားလိုသက်သေများကိုသာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ကိုကျော်မျိုးရွှေမှာ ၎င်းအား အချုပ်လွတ်ထုချေခွင့် အာမခံကို အထက်ရုံးသို့ တင်ပြလျှောက်ထားခဲ့ရာ လက်မခံဘဲ ပယ်ချခဲ့သောကြောင့် မူလမြို့နယ် တရားရုံးသို့ အမှုတွဲ ပြန်ရောက်မှသာ စစ်ဆေးရသဖြင့် ယင်းအမှုမှာ ကြန့်ကြာနေခြင်းဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဘုရားကြီး အနောက်ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက်၂ နာရီ ၁၅ မိနစ်က တိုင်းဒေသကြီး အစိုးရလမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီးနှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါး (နှစ်ပါးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုပြုလုပ် စွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီး စွဲဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ်စခန်း ဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသ အတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင် အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင် အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာ သနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူ ကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံ မြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန် မာရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။

 

Most Read

Most Recent