မြန်မာနိုင်ငံရှိ အင်းကျားများကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာပြီး ကာကွယ်ထိန်းသိမ်းရန် အရေးတကြီး လိုအပ်နေ

မြန်မာနိုင်ငံရှိ အင်းကျားများကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာပြီး ကာကွယ်ထိန်းသိမ်းရန် အရေးတကြီး လိုအပ်နေ
Published 21 December 2017

ထမံသီဘေးမဲ့တောအတွင်းရှိ အင်းကျားတစ်ကောင်ကို ကင်မရာမှတ်တမ်းမှ တွေ့ရစဉ်  (ဓာတ်ပုံ- WCS Myanmar)

မြန်မာနိုင်ငံ၏ အရေးကြီးမျိုးစိတ်ဖြစ်သော အင်းကျားများကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာသဖြင့် ကာကွယ်ထိန်းသိမ်းရန် အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

ကျားကဲ့သို့ပင် အင်းကျားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခြင်း၊ ၎င်းတို့၏လှပသော အရောင်အသွေးကြောင့် အလှဆင်ရန် အသုံးပြုခြင်းတို့ကြောင့် အင်းကျားများကို တရားမဝင် သတ်ဖြတ်ရောင်းဝယ်မှု မြင့်မားလာရကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ အင်းကျားသုတေသန ပြုလုပ်နေသူ ဦးလှနိုင်က ပြောကြားသည်။

“ကျားနဲ့ ကျားသစ်ပြီးရင် အင်းကျားက မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး မျိုးစိတ်တစ်ခု ဖြစ်သလို တရားမဝင် သတ်ဖြတ်ရောင်းဝယ်ခံရမှု မြင့်မားတဲ့အထဲမှာ ကျားနဲ့ ကျားသစ်ပြီးရင် အင်းကျားက တတိယနေရာမှာ ရှိနေ တယ်။ တစ်ကမ္ဘာလုံးမှာ ကျားကောင်ရေက အလွန်ဆုံးရှိလှမှ ၃၀၀၀ ကျော်လောက်ပဲ ကျန်တော့တာဆိုတော့ ဈေးကွက်က ဝယ်လိုအား ကြီးမားပေမယ့် သဘာဝတောတောင်တွေထဲမှာ ကျားကိုရရှိနိုင်ဖို့ ခဲယဉ်းလာတယ်။ ကျားသစ်ကလည်း ကျားလောက်နီးပါး ရှားပါးလာတဲ့ အနေအထားမှာ ရှိတယ်။ ဒီတော့ အင်းကျားလည်း ဆေးဖက်ဝင်တယ် ဆိုတာက တစ်ပိုင်း၊ သူတို့ရဲ့ သွင်ပြင်လက္ခဏာက အရောင်အသွေးက လှပတယ်။ ဆန်းကြယ်တယ်။ ဆွဲဆောင်မှုရှိတယ်ဆိုတော့ ကျားတို့၊ ကျားသစ်တို့လိုပဲ အရောင်အသွေးလှပမှုကို ခုံမင်ပြီး ရောင်းဝယ်ဖောက်ကားကြတဲ့ အနေအထားမှာရှိတယ်” ဟု ဦးလှနိုင်က ပြောကြားသည်။

သစ်တောပြုန်းတီးခြင်းကြောင့် အင်းကျားတို့ နေထိုင်ကျက်စားရန် ကောင်းမွန်သော တောအုပ်များ ရှားပါးလာခြင်း၊ ၎င်းတို့၏ အစားအစာ ရှားပါးလာရခြင်းတို့ကြောင့်လည်း အင်းကျားကောင်ရေများ လျော့နည်းကျဆင်း လာရကြောင်း ၎င်းကဆိုသည်။

“ကြောင်မျိုးစိတ်ရှစ်မျိုးထဲမှာ ကျန်တဲ့ကြောင်အုပ်စုတွေနဲ့ မတူတဲ့အချက်က အင်းကျားက သဘာ၀ တောတောင်ထဲက သစ်ရိပ်၊ ဝါးရိပ် ရွက်အုပ်ကောင်းတဲ့ တောမှာပဲနေတယ်။ ပင်မြင့်တောတွေ ရှိမှသာလျှင် အပင်ပေါ်မှာလည်း ဟိုအပင်ကူး ဒီအပင်ကူး နေထိုင်ကျက်စားတဲ့ ဓလေ့စရိုက်ရှိတယ်။ သဘာ၀ တောမကောင်းဘူး။ ပင်မြင့်တောတွေ မရှိဘူး။ တစ်ပင်နဲ့တစ်ပင် ရွက်အုပ်ဆက်စပ်နေတဲ့ တောတွေ မရှိဘူးဆိုရင် အင်းကျားက ကြာကြာမနေနိုင်ဘူး။ ပြောရမယ်ဆိုရင် အင်းကျားဟာ သဘာ၀ တောတောင်ရဲ့ အရည်အသွေး ကောင်းမွန်ခြင်းရဲ့ သင်္ကေတ ဖြစ်နေတယ်။ ဒါပေမဲ့ သစ်တွေကို စနစ်တကျ မထုတ်ခဲ့ဘဲ စည်းလွတ်ဝါးလွတ် အပြောင်ရှင်းပစ်တာ။ သဘာဝတောတောင်ရဲ့ အကျိုးအမြတ်ကို လိုချင်တာနဲ့ မြေနေရာဦးပြီး တောတွေရှင်းပစ်တာ စတာတွေကြောင့် အင်းကျားတွေ နေစရာ ပျောက်လာတာ။ သူတို့ရဲ့ အစားအသောက်တွေ ရှားပါးလာတာကြောင့် အင်းကျားကောင် ရေကျဆင်းလာရတာ ဖြစ်တယ်” ဟု ဦးလှနိုင်က ဆက်လက်ပြောကြားသည်။

အင်းကျားသည် ကျားကဲ့သို့ပင် ကြောင်မျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျား၊ ကျားသစ်၊ အင်းကျား၊ ကြောင်မြင်း၊ တောကြောင်၊ သစ်ကြောင်၊ ကြောင်သလင်းနှင့် ကြောင်တံငါဟူ၍ ကြောင်မျိုးစိတ်ဝင် ရှစ်မျိုးအထိ ရှိကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်သော ကျားကောင်ရေ လေ့လာစာရင်းကောက်သော စီမံကိန်း၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသတွင် ပြုလုပ်သော သုတေသနနှင့် မြန်မာနိုင်ငံမြောက်ပိုင်း သစ်တောများတွင် ပြုလုပ်သော သုတေသနများအရ မြန်မာနိုင်ငံအတွင်း အင်းကျား နေထိုင်ကျက်စားသော နေရာ ၁၅ နေရာရှိကြောင်း သိရသည်။

ထိုနေရာများအနက် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ထမံသီဘေးမဲ့တောသည် အင်းကျားနေထိုင် ကျက်စားရန် အကောင်းမွန်ဆုံး သစ်တောဖြစ်ပြီး သစ်တောဦးစီးဌာန အောက်စဖို့တက္ကသိုလ်၏ ဇီဝဗေဒဌာန လက်အောက်ရှိ Wildlife Conservation Research Unit (Wild CRU) နှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပူးပေါင်းပြုလုပ်သော သုတေသနများအရ ထမံသီဘေးမဲ့တော၏ ၁၀၀ စတုရန်း ကီလိုမီတာလျှင် အင်းကျားတစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားနေကြောင်း သိရသည်။

အာရှတိုက် ကုန်းမကြီးတွင် နေထိုင်ကျက်စားသော အင်းကျား (Clouded Leopard) နှင့် အာရှကျွန်းဆွယ်ပိုင်းတွင် နေထိုင်ကျက်စားသော (Sunta Clouded Leopard) ဟူ၍ အင်းကျားမျိုးစိတ် နှစ်မျိုးရှိပြီး မြန်မာနိုင်ငံရှိ အင်းကျားမျိုးစိတ်သည် အာရှတိုက် ကုန်းမကြီးရှိ အင်းကျား (Clouded Leopard) မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

အင်းကျားကို ကျားကဲ့သို့ ကမ္ဘာအနှံ့တွင် မတွေ့ရှိရဘဲ အာရှတိုက်ရှိ နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဘူတန်နှင့် တရုတ်နိုင်ငံများတွင်သာ တွေ့ရှိရကြောင်း သိရသည်။

 

Most Read

Most Recent