SMEs များအတွက် လက်ရှိချေးငွေထုတ်ချေးမှုသည် မူဝါဒနှင့်မကိုက်ညီသေးသည့်အတွက် ချေးငွေထုတ်ချေးရမည့် ပုံစံပြင်ဆင်ဆောင်ရွက်မည်ဟု စီမံ/ ဘဏ္ဍာဝန်ကြီး ပြောကြား

SMEs များအတွက် လက်ရှိချေးငွေထုတ်ချေးမှုသည် မူဝါဒနှင့်မကိုက်ညီသေးသည့်အတွက် ချေးငွေထုတ်ချေးရမည့် ပုံစံပြင်ဆင်ဆောင်ရွက်မည်ဟု စီမံ/ ဘဏ္ဍာဝန်ကြီး ပြောကြား
Published 17 December 2017

မြို့နယ်တစ်ခုအတွင်း SMEs လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ထုတ်ချေးပေးနေသော ချေးငွေများသည် လက်ရှိတွင် စက်မှုလုပ်ငန်းများ (Industry လုပ်ငန်း) ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများကိုသာ အများဆုံး ထုတ်ချေးပေးနေခြင်းဖြစ်ပြီး ချေးငွေထုတ်ချေးပေးရမည့် ပုံစံသည် မူဝါဒနှင့် မကိုက်ညီသည့်အတွက် ချေးငွေထုတ်ချေး မည့်ပုံစံကို ပြင်ဆင်ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် အထွေထွေညီလာခံ အခမ်းအနားတွင် ပြောကြားသည်။

“ပြီးခဲ့တဲ့ ချေးငွေတွေ ပြန်ကြည့်လို့ရှိရင် ခုနကပြောတဲ့ ချေးငွေရဲ့မူဝါဒနဲ့ မကိုက်ညီတာ တွေ့ရတယ်။ ဒီလို အတိမ်းအစောင်း လွဲနေတာကိုလည်း တည့်မတ်ဖို့ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုသည်။

ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်း (SMEs) များအတွက် ထုတ်ချေးပေးသော ချေးငွေများသည် လက်ရှိအချိန်တွင် Industry လုပ်ငန်းများဖြင့် မှတ်ပုံတင်ထားသော လုပ်ငန်းများကိုသာ အများဆုံး ထုတ်ချေးပေးနေခြင်းကြောင့် ပြည်တွင်းရှိ အမှန်တကယ် SMEs လုပ်ငန်းများအနေဖြင့် ချေးငွေရရှိမှု အခွင့်အလမ်းရရှိမှု နည်းပါးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ SMEs ဆိုတာက Small Medium Enterprises , Small and Enterprises ဆိုတာ Industry မဟုတ်ပါဘူး။ Industry ဆိုလို့ရှိရင် လျှပ်စစ်သုံးစွဲတာပါတယ်။ စက်မှုသုံးစွဲတာပါတယ်။ Definination က အဓိပ္ပာယ်မျိုးစုံတပ်တာပဲ။ Enterprises ဆိုတာက ထုတ်လုပ်သူလဲပါတယ်။ ရောင်းဝယ်သူလဲပါတယ်။ ဝန်ဆောင်မှုလဲပါတယ်။ အဲဒီတော့ အရင်တုန်းက ချေးငွေချေးတဲ့ အခါမှာတော့ မှတ်ပုံတင်ထားတဲ့ Industry တွေကိုလုပ်ငန်းတွေကို ပိုပြီးတော့ ချေးငွေတွေများတယ်။ ဒီလိုမဟုတ်ရဘူး။ ကျွန်တော်တို့ မလွှမ်းခြုံနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် SMEs လုပ်ငန်းများအတွက် ဆက်လက်ထုတ်ချေးသွားမည့် ချေးငွေများတွင်မူ Small Medium Enterprises (SMEs) လုပ်ငန်းအမျိုးအစားနှင့် ကိုက်ညီသော ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများစသည့် လုပ်ငန်းများအားလုံးကို  ဦးစားပေး၍ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

“ဒါကြောင့်မို့ Enterprises ဖြစ်တဲ့အတွက်ကြောင့် ထုတ်လုပ်သူပဲဖြစ်စေ၊ ရောင်းဝယ်သူပဲဖြစ်စေ၊ ဝန်ဆောင်မှုပဲဖြစ်စေ အဲဒီလုပ်ငန်းအားလုံးက ဆိုပါစို့ သန်း ၅၀ နဲ့ အထက် ဘယ်လောက် သန်း ၁၀၀ အထက်ဘယ်လောက် စသဖြင့်ပေါ့ ကန့်သတ်ချက်တွေရှိတယ်။ အဲဒီတော့ Small ပဲဖြစ်ဖြစ်၊ Medium ပဲဖြစ်ဖြစ်၊ အလယ်ပဲဖြစ်ဖြစ်၊ အလတ်ပဲဖြစ်ဖြစ်၊ မွေးမြူရေးပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ ထုတ်ကုန်ပဲဖြစ်ဖြစ် အဲဒီလုပ်ငန်းအားလုံးကို ချေးငွေထုတ်ဖို့ဦးစားပေးမယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေးဘဏ်က ကျပ်ဘီလျံ ၇၀၀ ကို လယ်ယာကဏ္ဍအတွက် ဘီလျံ ၃၀၀၊  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘီလျံ ၂၀၀၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများအတွက် ဘီလျံ ၂၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အောက်တိုဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ (၁)နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားသည်။

“နိုင်ငံတော်ရဲ့ စီးပွားရေးလည်ပတ်မှု ပိုမိုအားကောင်းလာစေဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကနေ ဘီလျံ ၇၀၀ ကို လယ်ယာကဏ္ဍအတွက် ဘီလျံ ၃၀၀၊ MSME အတွက် ဘီလျံ၂၀၀၊ ဆောက်လုပ်ရေးနှင့်အ ခြားကဏ္ဍများအတွက် ဘီလျံ ၂၀၀ ထုတ်ချေးဖို့ စတင်ဆောင်ရွက်နေပါပြီ” ဟု ဦးကျော်ဝင်းက ဆိုသည်။

အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးအဖြစ် လယ်ယာကဏ္ဍနှင့် ပတ်သက်သည့် လယ်ယာကဏ္ဍ လုပ်ငန်းသုံးစက်ကိရိယာများ၊ မွေးမြူရေးနှင့်ပတ်သက်သည့် မွေးမြူရေး လုပ်ငန်းရှင်များ၊ ငါးပုစွန်မွေးမြူသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာ  ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသို့တင်ပြကာ ချေးငွေများရယူနိုင်ကြောင်း သိရသည်။

Most Read

Most Recent