ခရမ်းမြို့မဈေးအပါအဝင် ဈေးအနီးရှိ မုန့်ဖတ်ဖိုများကို FDA ကစစ်ဆေးရာ စားသောက်ကုန်များတွင် ခွင့်မပြုဓာတုပစ္စည်း သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ

ခရမ်းမြို့မဈေးအပါအဝင် ဈေးအနီးရှိ မုန့်ဖတ်ဖိုများကို FDA ကစစ်ဆေးရာ စားသောက်ကုန်များတွင် ခွင့်မပြုဓာတုပစ္စည်း သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ
Published 17 December 2017

ဒီဇင်ဘာ ၁၅ ရက်က ခရမ်းမြို့မဈေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား FDA က ရှောင်တခင်စစ်ဆေးနေစဉ်

ဒီဇင်ဘာ ၁၅ ရက်က ခရမ်းမြို့မဈေးအပါအဝင် ဈေးအနီးရှိ မုန့်ဖတ်ဖိုများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင်စစ်ဆေးခဲ့ရာ စားသောက်ကုန်များတွင် ခွင့်မပြုဓာတုပစ္စည်းများ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲနှင့် ရန်ကုန်တောင်ပိုင်းခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ ခရမ်းမြို့နယ်၊ မြို့မဈေးရှိ စားသောက်ကုန်ရောင်းချသောဆိုင်များတွင် ဖော်မလင်ထည့်သွင်းအသုံးပြုနိုင်သော အစားအသောက်များ (ပဲပြား၊ မုန့်ဖတ်)၊ ငါးပိ၊ လက်ဖက်၊ ယိုစုံ၊ အချိုရည်၊ စားသုံးဆီ အစရှိသည့် အစားအသောက်နမူနာများနှင့် ခရမ်းမြို့မဈေးအနီးရှိ မုန့်ဖတ်ဖိုနှစ်ခုမှ မုန့်ဖတ်နမူနာများကိုဝယ်ယူ၍ ဖော်မလင်ထည့်သွင်းအသုံးပြုနိုင်သော အစားအသောက် (ပဲပြား၊ မုန့်ဖတ်) တို့တွင် ဖော်မလင်ပါဝင်မှု ရှိ၊ မရှိကို ရှောင်တခင် ဝယ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် အစားအသောက်များတွင် ခွင့်မပြုဓာတုပစ္စည်းများ သုံးစွဲထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ဈေးအနီးရှိ ဆေးဆိုင်ကြီးများတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ မရှိ၊ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါသော ဆေးဝါးများရောင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စပ်ဆေးများရောင်းချခြင်းရှိ မရှိ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးနှင့် ကွမ်းခြံကုန်းမြို့နယ်၊ မြို့မဈေးများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင်စစ်ဆေးခဲ့ရာ ဖော်မလင်အသုံးပြုတတ်သော စားသောက်ကုန်များတွင် ဖော်မလင်အသုံးပြုမှု လျော့နည်းသွားကြောင်းလည်း သိရသည်။

အစားအသောက်သုံးခွင့်မပြု ဓာတုပစ္စည်းများဖြစ်သည့် Boric Acid (Borax)၊ Sodium Hydrosulphite၊ Salicylic Acid၊ Formalin များကို အစားအသောက်များတွင် အသုံးပြုခြင်းကို တားမြစ်ထားသော်လည်း လက်ရှိ၌ အစားအသောက်များတွင် ထည့်သွင်းအသုံးပြုနေကြကြောင်းနှင့် အစားအသောက် သုံးခွင့်ပြုဓာတုပစ္စည်းများဖြစ်သည့် Benzoic Acid၊ Benzoyl Peroxide၊ Sorbic Acid ကို ဖော်မလင်အစား အစားအစာများတွင် ခွင့်ပြုပမာဏဖြင့် ထည့်သွင်းအသုံးပြုနိုင်ကြောင်းလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲမှ သိရသည်။

ဖော်မလင်ဆိုသည်မှာ Formaldehyde ဒြပ်ပေါင်းပါဝင်သော အရောင်မရှိသောအရည်တစ်မျိုးဖြစ်ကြောင်း၊ ဖော်မလင်ကို အသားများတောင့်တင်းခိုင်မာစေပြီး မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်သော အစွမ်းသတ္တိရှိသည့်အတွက် လူသေအလောင်းများ မပုပ်မသိုးအောင်ပြုလုပ်ရာတွင် အသုံးပြုကြောင်းနှင့် ဖော်မလင်သည် စက္ကူစက်ရုံ၊ အထည်အလိပ်စက်ရုံများတွင် ပလတ်စတစ် Resin များထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။

ဖော်မလင်အား အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုကြောင်း၊ ပဲပြား၊ မုန့်ဖတ်၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဖော်မလင်အား အလွဲသုံးတတ်ကြောင်း၊ ဖော်မလင်ပါဝင်သော အစားအသောက်များကို ရေရှည်အားဖြင့် သို့မဟုတ် ပမာဏများစွာစားသုံးမိပါက ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မျောခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ဖော်မလင်အသုံးပြုသော အချို့လုပ်ငန်းခွင်များတွင် ဖော်မလင်အား ကာလကြာရှည်စွာရှုရှိုက်မိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်သည်ဟု မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent