ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်ပပညာရှင် ငါးဦးအပါအဝင် ၁၀ ဦးဖြင့်ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်ပပညာရှင် ငါးဦးအပါအဝင် ၁၀ ဦးဖြင့်ဖွဲ့စည်း
Published 10 December 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၁၇) ဖြင့် ထုတ်ပြန်သည်။ အဆိုပါအကြံပေးအဖွဲ့တွင် ပြည်ပပညာရှင်ငါးဦးအပါအဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ’ ကို နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၇၅/ ၂၀၁၇) ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ယင်းအမိန့်ကြော်ငြာစာတွင် ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေအပေါ်မူတည်၍ အကျိုးရှိစွာထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော အကြံဉာဏ်များရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းရမည်ဟုဖော်ပြခဲ့သဖြင့် လိုအပ်သည့် အကြံဉာဏ်များရယူနိုင်စေရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပပညာရှင်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် ပြည်ပပညာရှင်ငါးဦးမှာ (က) Dr. Surakiart Sathirathai Chairman, Asia Peace and Reconciliation Council- APRC Former Deputy Prime Minister and Minister of Foreign Affairs of Thailand၊ (ခ) Mr. Urban AhlinSpeaker, Chair of the Riksdag BoardMember of the Swedish Parliament၊ (ဂ) Governor Bill Richardson Chairman, Richardson Center For Global Engagement Former Governor of New Mexico and Former United States Secretary of Energy၊ (ဃ) Professor Lord Derzi of Denham Former Parliamentary Under-Secretary of State of Health,Department of Health Member of Her Majesty's Most Honour-able Privy Council၊ (င) Mr. Roelof Petrus (Roelf) Meyer Former Minister of Defence Former Minister of Constitutional Affairs and Communication Former Minister of Constitutional Development and Provincial Affairs South Africa တို့ဖြစ်ကြသည်။

ထို့အတူ အကြံပေးအဖွဲ့ဝင် ပြည်တွင်းပညာရှင်များမှာ ဦးဝင်းမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)၊ ဦးထွန်းမြတ် (အငြိမ်းစား၊ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်)၊ ဦးခင်မောင်လေး (အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)၊ ဦးလှမြင့် (သံအမတ်ကြီး -ငြိမ်းအဖွဲ့ဝင်)၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်)၊ ဒေါက်တာဒေါ်ခင်ညို (ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ-ပြည်သူ့လွှတ်တော်) တို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့သည် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ အကြံဉာဏ်များပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ဥက္ကဋ္ဌမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်သည်။

ထို့ပြင် ကော်မတီ၏လုပ်ငန်းတာဝန်များမှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေအပေါ်မူတည်ပြီး အကျိုးရှိမည့်ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှုအသိုက်အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွနေထိုင်နိုင်ရေးတို့အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူုဟာစီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရန်တို့ဖြစ်သည်။

အလားတူ တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများပိတ်သိမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။

ဒေသခံပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ်တားဆီးနိုင်ရန်အတွက် အခြေခံအဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာစေရေး သင့်လျော်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်ရန်၊ အကြမ်းဖက်တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေဖြစ်လာစေရန် ဦးစားပေးဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ အထောက်အပံ့ပစ္စည်းများကို နိုင်ငံတော်ကချမှတ်ပေးသော မူဝါဒနှင့်အညီ ခွဲဝေပေးရေးကြီးကြပ်ရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေးရရှိစေရေး (National Verification Process) ကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ကိုးကွယ်သည့်ဘာသာ၊ လူမျိုးနှင့် နိုင်ငံသား၊ ကျား/မဆိုင်ရာဖြစ်တည်မှုတို့အပေါ် အခြေခံ၍ ခွဲခြားမှုမပြုဘဲ တူညီသော ပညာသင်ကြားခွင့်ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများတိုးမြှင့်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရန်နှင့် ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှုအစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရန် ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။

Most Read

Most Recent