အလုပ်သမားဘက်မှ တောင်းဆိုထားသည့် အများပါဝင်သည့်ဖိုရမ်ကို ယခုလအတွင်း ကျင်းပရန် ပြင်ဆင်နေပြီး ဝန်ကြီးဌာနအနေဖြင့် အနိမ့်ဆုံး လုပ်ခလစာအား မေလအတွင်း သတ်မှတ်ရန် စဉ်းစားထားဟုဆို

အလုပ်သမားဘက်မှ တောင်းဆိုထားသည့် အများပါဝင်သည့်ဖိုရမ်ကို ယခုလအတွင်း ကျင်းပရန် ပြင်ဆင်နေပြီး ဝန်ကြီးဌာနအနေဖြင့် အနိမ့်ဆုံး လုပ်ခလစာအား မေလအတွင်း သတ်မှတ်ရန် စဉ်းစားထားဟုဆို
Published 7 December 2017

နေပြည်တော် ဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်

အလုပ်သမားဘက်မှ တောင်းဆိုထားသည့် အများပါဝင်သည့်ဖိုရမ်ကို ယခုလအတွင်းကျင်းပရန် ပြင်ဆင်နေပြီး ဝန်ကြီးဌာနအနေဖြင့် အနိမ့်ဆုံးလုပ်ခလစာအား ၂၀၁၈ ခုနှစ်မေလအတွင်း သတ်မှတ်ရန် စဉ်းစားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ဒီဇင်ဘာ ၆ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ကျင်းပသည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၃ ရက်တွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်များ ပါဝင်သည့် အများတွေ့ဆုံမည့် ဖိုရမ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့်တိုင်းအလိုက် တက်လာမည့် အနိမ့်ဆုံးအခကြေးငွေနှုန်းထား အချက်အလက်များအပေါ် အခြေခံ၍ သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၂၃ ရက်မှာ အလုပ်ရှင်ရော၊ အလုပ်သမားရော၊ အစိုးရရော၊ လူမှုအဖွဲ့အစည်းတွေရော၊ လွှတ်တော်ကပုဂ္ဂိုလ်တွေရော ဖိတ်ပြီးတော့ ဆွေးနွေးဖို့ပြင်နေတယ်။ အဲဒီနေ့တွေ့တဲ့အခါမှာ အလုပ်သမားရဲ့ တောင်းဆိုတာတွေ၊ အလုပ်ရှင်ရဲ့ တောင်းဆိုတာတွေကို နားထောင်မယ်။ ဒါကိုပညာရှင်တွေရဲ့ ဆုံးဖြတ်မယ့် နိုင်ငံတော်ရဲ့စီးပွား အခြေအနေကိုပြောဆို သုံးသပ်တာကိုလည်း နားထောင်မှာပေါ့။ ဒီဟာသိမ်မွေ့တယ်လေ။ အမှားခံလို့မရဘူး။ အခုကတော့ အလုပ်သမားတွေကလည်း တောင်းနေတာပေါ့။ ၅၆၀၀ ပေးရေးဆိုပြီးတော့။ အမှန်ကတော့ ဒီကိစ္စကတော့ နှစ်ဖက်ပဲလေ။ ပေးနိုင်လည်းကောင်းတာပေါ့။ အလုပ်ရှင်က မပေးနိုင်တာကို ဇွတ်တောင်းရင်လည်း မကောင်းဘူးပေါ့။ ဝန်ကြီးဌာနအနေနဲ့ကတော့ နောက်ဆုံးဖြစ်နိုင်ခြေကို သုံးသပ်မှာပေါ့။ ပြည်နယ်နဲ့ တိုင်းအလိုက် တက်လာမယ့် ဒေတာတွေရှိတယ်။ အဲဒီဒေတာတွေနဲ့ အခြေခံမယ်။ သူတို့တောင်းဆိုတာနဲ့ အခြေခံမယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ဆက်လက်၍ “အနိမ့်ဆုံး လုပ်ခ သတ်မှတ်နိုင်မယ့်ကာလ နောက်ဆုံးအခြေအနေက မေလလို့စဉ်းစားထားတာ။ ငါတို့ရဲ့ သဘောထားပဲ ရှိသေးတယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်တွေလည်း ကျန်သေးတယ်။ အခုစဉ်းစားလိုက်လို့ရှိရင် အဆိုပြု အနည်းဆုံးအခကြေး ငွေဆိုတာကြီး ထွက်လာမှာလေ။ အဲဒီအဆိုပြု အနည်းဆုံး အခကြေးငွေက ဒီအုပ်စုလေးက ကိုယ်စားတော့ကိုယ်စားပြုပေါ့။ ဒါပေမဲ့ အားလုံးသိအောင် အဆိုပြုနှုန်းထားတစ်ခုကို ကြေညာရဦးမှာ။ အရင် ၃၆၀၀ အဆိုပြုပါတယ်လို့ ကြေညာလိုက်တယ်။ အဲဒီတော့ သဘောတူတဲ့ သူနဲ့ ကန့်ကွက်တဲ့သူနဲ့ အကုန်လုံးပေါ်လာရော။ ကန့်ကွက်တဲ့သူတွေကိုလည်း လိုက်ဖြေရှင်းပြတယ်။ ကျေနပ်တာရော၊ မကျေနပ်တာ ရောပါလာမှာပါပဲ” ဟု ၎င်းက ဆိုသည်။

အများစု သဘောတူသည့် အဆိုပြုနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်မည်ဖြစ်ကာ နိုင်ငံတော်အနေဖြင့် ချိန်ဆနိုင်ရန် ဘတ်ဂျက်ကာလအကျော် မေလတွင် ဝန်ကြီးဌာနအနေဖြင့် စဉ်းစားရခြင်းဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

Most Recent