ပုဇွန်တောင်ဈေးတွင် ရောင်းချနေသည့် စားသောက်ကုန်အရောင်းဆိုင်များကို FDA က ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေး

ပုဇွန်တောင်ဈေးတွင် ရောင်းချနေသည့် စားသောက်ကုန်အရောင်းဆိုင်များကို FDA က ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေး
Published 2 December 2017

နိုဝင်ဘာ ၃၀ ရက်က ပုစွန်တောင်ဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များနှင့် ဆေးဆိုင်များကို ရှောင်တခင်စစ်ဆေးနေစဉ်

နိုဝင်ဘာ ၃၀ ရက်က ပုစွန်တောင်မြို့နယ်ရှိ ပုစွန်တောင်ဈေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပုစွန်တောင်မြို့နယ် အစားအသောက် ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များသည် ပုစွန်တောင်မြို့နယ် ပုစွန်တောင်ဈေးရှိ စားသောက်ကုန် ရောင်းချနေသည့်ဆိုင်များတွင် မုန့်ဖတ်၊ ခေါက်ဆွဲ၊ ပဲပြား၊ သွေးခဲ၊ လက်ဖက်၊ ချင်း၊ ငါးပိနှင့် ငရုတ်သီးမှုန့် စသည့်အစားအသောက် ၂၅ မျိုးတွင် ခွင့်မပြုဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုထားခြင်းရှိ၊ မရှိ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ဝယ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

စစ်ဆေးမှုအရ အစားအသောက်များတွင် ခွင့်မပြု ဓာတုပစ္စည်းသုံးစွဲထားခြင်းမရှိကြောင်း၊ ဈေးအနီးရှိဆေးဆိုင်များတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါသော ဆေးဝါးများရောင်းချခြင်းရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စပ်ဆေးများရောင်းချခြင်းရှိ မရှိ၊ အလှကုန်ဆိုင်များတွင် သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသော အလှကုန်များရောင်းချခြင်းရှိ မရှိကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အမျိုးသားအစားအသောက်ဥပဒေတွင် စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်များ၊ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကို ထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ်ဖြစ်စေရန် အရာဝတ္ထုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံးပါနိုင်ခွင့်ရှိသော ပမာဏထက်ပိုမိုပါရှိသော အစားအသောက်၊ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့်ပစ္စည်း ဖြစ်စေပါရှိသော အစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သောပစ္စည်းပါရှိသည့် အစားအသောက်၊ စံမညီ အစားအသောက်၊ အစားအသောက်တွင်မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကသတ်မှတ်သည့် ဖော်ပြရမည့် အချက်အလက်များမပါရှိသော အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ဥပဒေအရ အစားအသောက်နှင့် သက်ဆိုင်သည့် ပြစ်မှုဖြစ်ပါက ထိုသူအား ထောင်ဒဏ်သုံးနှစ် ထိချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent