ဟုမ္မလင်းမြို့နယ် ပင်ခုပ်ကျေးရွာနှင့် နမ့်ဖယ်၊ နမ့်ချောကျေးရွာအကြား သွားလာရခက်ခဲသဖြင့် ဒေသခံများ ကိုယ့်အားကိုယ်ကိုး တံတားဆောက်လုပ်နေရ

ဟုမ္မလင်းမြို့နယ် ပင်ခုပ်ကျေးရွာနှင့် နမ့်ဖယ်၊ နမ့်ချောကျေးရွာအကြား သွားလာရခက်ခဲသဖြင့် ဒေသခံများ ကိုယ့်အားကိုယ်ကိုး တံတားဆောက်လုပ်နေရ
Published 30 November 2017

ပင်ခုပ်ကျေးရွာနှင့် နမ့်ဖယ်၊ နမ့်ချောကျေးရွာအကြား သစ်သားတံတား ဆောက်လုပ်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ ပင်ခုပ်ကျေးရွာနှင့် နမ့်ဖယ်၊ နမ့်ချောကျေးရွာအကြား သွားလာရခက်ခဲသဖြင့် ဒေသခံများမှ ကိုယ်အားကိုယ်ကိုး သစ်သားတံတား ဆောက်လုပ်နေရကြောင်း သိရသည်။

ထိုနှစ်ရွာကြားတွင် နမ့်သဲလုံချောင်းတည်ရှိပြီး ထိုချောင်းကိုဖြတ်၍ တည်ဆောက်ထားသော တံတားမရှိသဖြင့် မိုးရာသီတွင်သာမက ပွင့်လင်းရာသီတွင်ပါ သွားလာရ ခက်ခဲသဖြင့် ဒေသခံကျေးရွာသားက စုပေါင်း၍ ကိုယ်အားကိုယ်ကိုး တည်ဆောက်နေကြခြင်းဖြစ်ကြောင်း တံတားကိုဦးစီးတည် ဆောက်နေသူ နမ့်ဖယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးကောသလ္လက မိန့်ကြားသည်။

“အရင်ကတည်းက တံတားမရှိတာ။ နွေရာသီမှာ သစ်သားတံတားအသေးလေး ထိုးကြပေမယ့် မိုးတွင်းမှာ ချောင်းရေစီးအားသန်တော့ ပါပါသွားတယ်။ ဒီတော့ ဒီနေရာကိုဖြတ်တိုင်း အခက်အခဲဖြစ်ကြတာပေါ့။ ရွာတွေကိုလာတဲ့ ကျန်းမာရေးမှူးတွေလည်း ဦးဇင်းဆီရောက်ရင် အကူအညီတောင်းကြလို့ ဦးဇင်းကပဲ ကူညီပေးရတယ်။ ပြီးတော့ ရွာသားတွေလည်း သူတို့အခက်အခဲကို ပြောပြကြတယ်။ ချောင်းကိုဖြတ်လို့ မလွယ်တာတွေပေါ့။ အထူးသဖြင့် ကျန်းမာရေးအခက်အခဲနဲ့သွားရင် အရမ်းဒုက္ခရောက်ကြရတယ်။ နောက်ပြီး အခုဆိုင်ကယ်နဲ့ဖြတ်တဲ့နေရာကိုလည်း ကုန်ကားကြီးတွေ ဖြတ်သွားကြတော့ ဆိုင်ကယ်နဲ့ဖြတ်ရတာလည်း ခက်ခဲကြတယ်။ ဒါနဲ့ ဦးဇင်းလည်း ကျေးရွာသားတွေကိုစုစည်းပြီး ကိုယ်အားကိုယ်ကိုးသစ်သား တံတားဆောက်လိုက်ရတာပဲ” ဟု ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

ထိုသစ်သားတံတားသည် အရှည် ၃၃၆ တောင်ခန့်နှင့် အကျယ်ခြောက်တောင်ခန့်ရှိပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း ၈၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်မည့် နမ့်သဲလုံချောင်းကို ဖြတ်သန်း၍ သွားလာနေရသော ကျေးရွာပေါင်း ရှစ်ရွာခန့်ရှိပြီး ထိုနေရာတွင် တံတားတည်ဆောက်ပေးရန် သက်ဆိုင်ရာသို့ တင်ပြတောင်းခံခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent