လွိုင်လင်တွင် ရာအိမ်မှူးတစ်ဦး လည်ပင်းကိုလှီးဖြတ် အသတ်ခံရ

လွိုင်လင်တွင် ရာအိမ်မှူးတစ်ဦး လည်ပင်းကိုလှီးဖြတ် အသတ်ခံရ
Published 21 November 2017

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပါဟုတ်ကျေးရွာမှ ရာအိမ်မှူး ဦးအိုက်မောင် (၄၉ နှစ်) သည် နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းက လည်ပင်းကိုလှီးဖြတ်ပြီး အသတ်ခံခဲ့ရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီခွဲတွင် လွိုင်လင်မြို့နယ် ပါဟုတ်ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးအိုက်မောင် (၄၉ နှစ်) ပအိုဝ်း/ဗုဒ္ဓသည် တောင်ယာလုပ်ပြီး ခြံအလုပ်မှပြန်လာပြီး အိမ်ပေါ်တက်သွားစဉ် မီးဖိုချောင်အတွင်း ချက်ပြုတ်နေသော ဇနီးသည်ဖြစ်သူ ဒေါ်နန်းနုက ဆူညံသံများကြောင့် နေအိမ်ပေါ်တက်ကြည့်ရာ ၎င်းလည်ပင်းမှ သွေးထွက်ဒဏ်ရာရရှိနေပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို မြင်တွေ့ရပြီး၊ ဓားဖြင့်ခုတ်သူအမည်မသိ (စုံစမ်းဆဲ) လူနှစ်ဦးမှ ထွက်ပြေးသွားသည်ကိုသိရှိရပြီး၊ သေဆုံးသွားသူ ဦးအိုက်မောင်အား ရဲဆေးစာဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးအောင်နိုင်ဦးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လွိုင်လင်မြို့နယ် ပါဟုတ်ကျေးရွာရာအိမ်မှူး ဦးအိုက်မောင်က တောင်ယာခြံထဲကနေ အိမ်ပြန်လာတယ်။ နောက်ဖေးမှာ ထမင်းချက်နေတဲ့အမျိုးသမီးကနေ ဆူဆူညံညံအသံကြားလို့ တက်ကြည့်တော့ လည်ပင်းမှာ ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရှိရတယ်။ လူနှစ်ယောက် ထွက်သွားတာကိုလည်း တွေ့ရတဲ့အတွက် အမျိုးသားကိုသတ်တဲ့သူတွေကို အရေးယူပေးဖို့အတွက် တိုင်တန်းမှုပေ့ါ။ လွိုင်လင်မြို့မစခန်းမှာ တိုင်တန်းလို့ လွိုင်လင်မြို့နယ် ရဲစခန်းမှူ ဦးအောင်နိုင်ဦးကနေ စစ်ဆေးပြီး စုံစမ်းလျက်ရှိပါတယ်။ တရားခံကို စုံစမ်းဆဲပဲရှိပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စိုးထွန်းဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို လွိုင်လင်မြို့မရဲစခန်းတွင် (ပ) ၂၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိပြီး အမှုအားစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent