ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အရက်မူးကာ အော်ဟစ်ဆဲဆိုနေသူကို အိမ်နီးချင်းက မဆဲဆိုရန် သွားရောက်တားမြစ်ရာမှ လူသတ်မှုဖြစ်ပွား

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အရက်မူးကာ အော်ဟစ်ဆဲဆိုနေသူကို အိမ်နီးချင်းက မဆဲဆိုရန် သွားရောက်တားမြစ်ရာမှ လူသတ်မှုဖြစ်ပွား
Published 7 November 2017

ဒဂုံဆိပ်ကမ်းမြို့နယ်၌ အရက်မူးကာ အော်ဟစ်ဆဲဆိုနေသူကို အိမ်နီးချင်းက မဆဲဆိုရန် သွားရောက်တားမြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ နိုဝင်ဘာ ၆ ရက်တွင် စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၈ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက် ဗိုလ်ရန်နိုင်လမ်းရှိ နေအိမ်တစ်အိမ်တွင် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူအမျိုးသားမှာ အဆိုပါရပ်ကွက်တွင် နေထိုင်သည့် ကို. . . (၃၈ နှစ်) ဖြစ်ပြီး ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲနဖူးဆံစပ်ပေါက်ပြဲဒဏ်ရာ ဦးခေါင်းနောက်ဖူးရောင်ဒဏ်ရာ၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် ထိုင်လျက်လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အခင်းဖြစ်ပွားသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာ ကို.... (၃၈ နှစ်) သည် အရက်သေစာများ သောက်စားမူးယစ်ကာ ည ၇ နာရီကျော်က အော်ဟစ်ဆဲဆိုနေသောကြောင့် အိမ်နီးချင်း ဦး...(၅၈ နှစ်) က မဆဲဆိုရန် သွားရောက်တားမြစ်ခဲ့ကြောင်း၊ ယင်းသို့သွားရောက်တားမြစ်ရာ ကို...(၃၈ နှစ်)နှင့် ဦး... (၅၈ နှစ်) တို့ အပြန်အလှန်စကားများခဲ့ကြကြောင်း၊ ယင်းနောက် ဦး... (၅၈ နှစ်) က အရှည်သုံးပေခန့်ရှိတုတ်ဖြင့် သုံးလေးချက်ခန့် ဆင့်ရိုက်ခဲ့သဖြင့် ကို...(၃၈ နှစ်) တွင် ဒဏ်ရာများရရှိခဲ့ပြီးလဲကျကာ ထိုင်လျက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦး..... (၅၈ နှစ်) ကိုဖမ်းဆီးကာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းတွင်(ပ) ၁၁၇၂/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် သေဆုံးသူ၏အလောင်းအား ရွှေသံလျင်နာရေးကူညီမှုအသင်းက သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent