ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းမှချေးယူမှုတွင် ဗဟိုဘဏ်မှ ငွေချေးယူမှုအချိုးအစားကို နှစ်စဉ် ၁၀ ရာခိုင်နှုန်း လျှော့ချသွားခြင်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ဗဟိုဘဏ်မှ ငွေချေးယူရန် မလိုအပ်သည့် အခြေအနေကို ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းမှချေးယူမှုတွင် ဗဟိုဘဏ်မှ ငွေချေးယူမှုအချိုးအစားကို နှစ်စဉ် ၁၀ ရာခိုင်နှုန်း လျှော့ချသွားခြင်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ဗဟိုဘဏ်မှ ငွေချေးယူရန် မလိုအပ်သည့် အခြေအနေကို ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 25 October 2017

ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းမှ ချေးယူမှုတွင် ဗဟိုဘဏ်မှ ငွေချေးယူမှု အချိုးအစားကို နှစ်စဉ် ၁၀ ရာခိုင်နှုန်း လျှော့ချသွားခြင်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဗဟိုဘဏ်မှ ငွေချေးယူရန် မလိုအပ်သည့် အခြေအနေကို ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန်နှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းစဉ် ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက “အစိုးရမှ ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းမှ ချေးယူငွေမှာ ဗဟိုဘဏ် ငွေချေးယူမှု အချိုးအစားကို လက်ရှိအခြေအနေမှ နှစ်စဉ် ၁၀ ရာခိုင်နှုန်း လျှော့ချသွားခြင်းဖြင့် ၂၀၂၀-၂၀၂၁ မှာ အစိုးရက ဗဟိုဘဏ်မှ ငွေချေးယူရန် မလိုအပ်တဲ့ အခြေအနေကို ရရှိမယ်လို့ မျှော်မှန်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိအခြေအနေများအရ အစိုးရသို့ ဗဟိုဘဏ်မှ လိုအပ်သည့် ငွေကြေး တစ်စိတ်တစ်ပိုင်းကို ထုတ်ချေးရန် လိုအပ်ဆဲဖြစ်ကြောင်း၊ ထိုသို့ထုတ်ချေးခြင်း မပြုပါက အစိုးရ ယန္တရား လည်ပတ်မှုတွင် ကြီးစွာသော ခက်ခဲမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တင်းကျပ်စွာ မကန့်သတ်ထားခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အစိုးရက ဗဟိုဘဏ်တွင် ငွေချေးယူသည့် အခြေအနေများကို တစ်စတစ်စ လျှော့ချသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရငွေချေး သက်သေခံလက်မှတ်များ ဈေးကွက်ဖြစ်သည့် ငွေကြေးဈေးကွက်၊ ငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် တစ်ဆင့်ပြန်လည် ရောင်းချသည့် ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးသည် လွန်စွာအရေးကြီးသည့်အတွက် ယင်းဈေးကွက်ဖွံ့ ဖြိုးတိုးတက်လာပါက အစိုးရအနေဖြင့် ဗဟိုဘဏ်မှ ငွေချေးယူမှုကို သိသိသာသာ လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်လိုငွေ အတော်အသင့် မြင့်မားခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း အဓိကအားဖြင့် ဘတ်ဂျက်လိုငွေကို ပြည်သူလူထုထံ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်းဖြင့် ဖြည့်ဆည်းသည့် ပြည်တွင်း ငွေချေးစာချုပ် ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးခြင်းကြောင့် ဗဟိုဘဏ်မှ အစိုးရက တိုက်ရိုက်ငွေချေး ယူခြင်းသည် ပိုမိုကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

အစိုးရက ဗဟိုဘဏ်မှ တိုက်ရိုက်ငွေချေးယူခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်နိုင်သည့် အလားအလာ တိုးမြင့်လာကြောင်း၊ ထိုသို့မဖြစ်စေရန် ဗဟိုဘဏ်အနေဖြင့် Deposit Auction များကို ပြုလုပ်၍ စီးပွားရေး စနစ်ထဲမှ ပိုလျှံငွေကြေးများကို နုတ်သိမ်းခဲ့သည့်အတွက် ငွေကြေးဖောင်းပွမှုကို အတော်အတန် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်း ပွမှုနှုန်း ၉ ဒသမ ၉၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်  သြဂုတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွ မှု ၄ ဒသမ ၇၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ငွေလဲလှယ်နှုန်းအပေါ်  အသင့်အတင့် လွှမ်းမိုးမှု ရှိနိုင်သော်လည်း ငွေလဲလှယ်နှုန်းကို အဓိက လွှမ်းမိုးသည့်အရာမှာ ကုန်သွယ်မှုပိုငွေ၊ လိုငွေဖြစ်ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

 

Most Read

Most Recent