ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေချိန်တွင် ကြက်ငှက်တုပ်ကွေး H5N1 ရုတ်တရက်ဖြစ်သွားပါက လုပ်ရကိုင်ရခက်ခဲသည့် အခြေအနေဖြစ်နိုင်ခြင်းကြောင့် H5N1 မဖြစ်မီရောဂါထိန်းချုပ်မှုမှာ အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေချိန်တွင် ကြက်ငှက်တုပ်ကွေး H5N1 ရုတ်တရက်ဖြစ်သွားပါက လုပ်ရကိုင်ရခက်ခဲသည့် အခြေအနေဖြစ်နိုင်ခြင်းကြောင့် H5N1 မဖြစ်မီရောဂါထိန်းချုပ်မှုမှာ အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား
Published 31 July 2017


H5N1 ရောဂါပိုးတွေ့ရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှ ကြက်ခြံကို တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနေချိန်တွင် ကြက်ငှက်တုပ်ကွေး H5N1 ရုတ်တရက်ဖြစ်သွားပါက လုပ်ရကိုင်ရခက်ခဲသည့် အခြေအနေဖြစ်နိုင်ခြင်းကြောင့် H5N1 မဖြစ်မီ ရောဂါထိန်းချုပ်မှုမှာ အရေးကြီးကြောင်း ဇူလိုင် ၃၀ ရက်က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ‘ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“H1N1 ရောဂါဖြစ်ပွားမှုက ပထမပိုင်းမှာတော့ ၂၀ ရာခိုင်နှုန်းလောက်ထိရှိပေမယ့် အခု ၅ ရာခိုင်နှုန်းလောက်ကို ကျသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ရုံမှာ ဆေးရုံတွေရဲ့ လူနာဆေးရုံတက်ရောက်မှု အခြေအနေ အားလုံးပေါင်းပြီးတော့ ကြည့်လိုက်တဲ့အခါမှာ နှုန်းကဘယ်လောက်ရှိသလဲဆိုတော့ ဇူလိုင် ၁ ရက်ကနေ ၂၈ ရက်အထိ ၁၁ ကနေ ၃၆ ယောက်ရှိပါတယ်။ အများဆုံးတက်တာ ၃၆ ယောက်၊ ပျမ်းမျှကတော့ ၁၂ ဖြစ်ပါတယ်။ အမြင့်ဆုံးနှုန်းမှာက ၃၁ ယောက်ဖြစ်ပါတယ်။ ဒါကိုကြည့်တဲ့အခါ အခြေအနေကမဆိုးသေးဘူး။ လွန်ခဲ့တဲ့တစ်ပတ်ကတည်းက နည်းနည်းလေးတန့်နေတာကို တွေ့ရပါတယ်။ သက်သာမလား၊ ကျသွားမလားဆိုတာကို ကျွန်တော်တို့ ဆက်ကြည့်နေပါတယ်။ ကျွန်တော် ဒါထက်ပိုစိုးရိမ်တာက H5N1 ပါ။ မရမ်းကုန်းမှာ မနေ့ကတွေ့တယ်။ ထားဝယ်မှာလည်း တွေ့နေတယ်။ ဘာလို့စိုးရိမ်သလဲဆိုတော့ စီးပွားရေးထိခိုက်မှုတွေရှိတဲ့အပြင် သေဆုံးမှုနှုန်းကလည်း တော်တော်များပါတယ်။ H5N1 ကတော့ မျက်ခြည်ပြတ်လို့မရပါဘူး။ H5N1 ကဗြုန်းခနဲဖြစ်သွားရင် ကျွန်တော်တို့လုပ်ရကိုင်ရ တော်တော်ခက်မယ့် အခြေအနေပါ။ ဒီတော့ H5N1 ကိုမဖြစ်ခင် Containment (ထိန်းချုပ်မှု) အပိုင်းက အရမ်းအရေးကြီးပါတယ်” ဟုပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

၂၀၀၃ ခုနှစ်မှစပြီး အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် နှစ်စဉ်ကြက်ငှက်တုပ်ကွေး (H5N1) ရောဂါဖြစ်ပွားမှုရှိလာပြီး ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းများအရ H5N1 လူကိုကူးစက်မှုရှိကြောင်း သတင်းပေးပို့မှုရှိခဲ့သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ကူးစက်ခံရမှု ၈၅၆ ကြိမ်၊ လူသေဆုံးမှု ၄၅၂ ဦးရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

လက်ရှိထားဝယ်မြို့၌ H5N1 ဖြစ်ပွားမှုများရှိနေကြောင်း၊ ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းအနီးမှ ဥစားကြက်ကောင်ရေ ၅၀၀၀ မွေးမြူထားသော ကြက်မွေးခြံ၌ ဇူလိုင် ၁၆ ရက်မှ စတင်ကာကြက်ကောင်ရေ ထောင်ချီသေဆုံးပြီးနောက် ကြက်အသေကောင်နမူနာများကို ရန်ကုန်မြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ H5N1 တွေ့ရှိကြောင်း ဇူလိုင် ၂၅ ရက်က အတည်ပြုခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကြက်များသေဆုံးသဖြင့် စစ်ဆေးခဲ့ရာ ကြက်ငှက်တုပ်ကွေး H5N1 တွေ့ရှိကြောင်း ဇူလိုင်၂၈ ရက်က မရမ်းကုန်းမြို့မရဲစခန်းက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး H5N1 ကို ၂၀၀၆ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်နှင့်ဧပြီလတွင် မန္တလေး၊ စစ်ကိုင်း၌လည်းကောင်း၊၂၀၀၇ ခုနှစ်ဖေဖော်ဝါရီနှင့် အောက်တိုဘာလတွင် ရန်ကုန်၊ မွန်၊ ပဲခူး၌လည်းကောင်း၊ ၂၀၀၇ ခုနှစ်၌ပင် ဒုတိယအကြိမ်တွေ့ရှိမှုကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်၌ ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ဖေဖော်ဝါရီနှင့် မတ်လတွင် ရန်ကုန်နှင့်စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၁ ခုနှစ်ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် ရခိုင်နှင့်စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီနှင့် မတ်လတွင် စစ်ကိုင်းနှင့် ပဲခူး၌လည်းကောင်း၊ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလတွင် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၆ ခုနှစ်ဧပြီလတွင် စစ်ကိုင်း၌လည်းကောင်း အသီးသီးဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် H5N1 အပြင် H9N2 ခေါ် အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါ ပူးတွဲဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ကြက်၊ ငှက်များတွင် လျင်မြန်စွာကူးစက်၍ ကြက်အများအပြားသေဆုံးပြီး လူကိုပါကူးစက်စေသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ရောဂါမှာ အပြင်းစားနှင့် အပျော့စားဟူ၍ နှစ်မျိုးရှိကြောင်း၊ ရောဂါပြင်းထန်မှုအလိုက် ကြက်သေဆုံးမှု၊ လူသို့ကူးစက်နိုင်ခြေပိုများပြီး ယခင်က H5N1 ရောဂါမှာပြင်းထန်ပြီး ယခုနောက်ပိုင်း၌ H5N1 အပြင် H5N2၊ H5N6၊ H5N8၊ H10N8 များလည်းပါဝင်လာကြောင်းနှင့် H7N9၊ H9N2 များမှာရောဂါအပျော့စားတွင် ပါဝင်သော်လည်း ယခုအခါ H7N9 မှာ အပြင်းစားအဆင့်သို့ မျိုးရိုးဗီဇပြောင်းလဲလာခြင်းများ တွေ့ရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“တုပ်ကွေးပိုးတွေ မျိုးမတူတာတွေ ပေါင်းသွားနိုင်သလားဆိုတော့ တကယ်တော့ တုပ်ကွေးဗိုင်းရပ်စ်တွေက သူတို့လည်းမျိုးပွားတာပေါ့။ မျိုးပွားတဲ့အခါ မျိုးစိတ်တစ်ခုနဲ့တစ်ခုက အနည်းနဲ့အများ ပြောင်းသွားနိုင်တယ်။ နောက်တစ်ခုက သူတို့အချင်းချင်း ပေါက်ပွားလာတဲ့အခါ ပိုပြီးအစွမ်းပြင်းတဲ့ပိုးတွေ ထူးထူးခြားခြား ထွက်လာတာမျိုးတော့ ရှိပါတယ်။ မျိုးမတူတာ ပေါင်းသလားဆိုတော့ ပေါင်းတော့ပေါင်းတယ်။ တိုက်ရိုက်ပေါင်းလို့တော့မရဘူး။ ကြားခံသူတို့ကို ပေါင်းစပ်ပေးမယ့် သတ္တဝါတစ်မျိုးတော့ရှိရမယ်။ ဥပမာ- ဝက်ဆိုပါစို့။ လူမှာဖြစ်လေ့ရှိတဲ့ တုပ်ကွေး၊ ကြက်ငှက်မှာရှိတဲ့ တုပ်ကွေးပိုး သူတို့က ဝက်ထဲကိုဝင်လို့ရတယ်။ ဝက်က အဲဒီနှစ်ခုလုံးကို လက်ခံလို့ရတယ်ဆိုပါစို့။ ဝက်မှာ ဗိုင်းရပ်စ်ပိုးမတူတာ နှစ်မျိုးလောက်ဝင်သွားမယ်။ ဝင်သွားပြီး ရင်သူ့ထဲမှာတစ်ခါ မျိုးစိတ်ပြန်ပြန့်ပွားမယ်။ ဝက်ကလည်း မသေဘူး။ သူ့ဆီကနေ ပြန်ထွက်လာတဲ့ မျိုးစိတ်ကအသစ် ပေါ်ပေါက်နိုင်တာပေါ့။ လောလောဆယ် ရာသီတုပ်ကွေးကလည်း ဖြစ်နေတယ်။ တစ်ချိန်တည်းမှာ ကြက်ငှက်တုပ်ကွေးကလည်း ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့နှစ်ခုက လေထဲမှာတော့ ပေါင်းလို့မရဘူး။ လွယ်လွယ်ကူကူ အဲဒီလိုတော့ ပေါင်းလို့မဖြစ်ပါဘူး။ ကြားခံသတ္တဝါလိုပါတယ်။ ဒါပေမဲ့ဝင်လိုက်တိုင်းလည်း ဖြစ်မယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့်မို့ ကံသေကာမတော့ ပြောလို့မရဘူး” ဟု ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာဝင်းနိုင်က ဇူလိုင် ၃၀ ရက်က H1N1 ညှိနှိုင်းအစည်းအဝေးပြီး နောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်ရှိ ကမ္ဘာ့အဆင့်မီ BSL II ဓာတ်ခွဲခန်းသုံးခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်ဓာတ်ခွဲခန်းနှင့် နေပြည်တော် ရွှေမြို့ဓာတ်ခွဲခန်းများမှ H5,H7,H9 ဗိုင်းရပ်စ်အမျိုးအစားများကို အမြန်ခွဲခြားစစ်ဆေးပေးနေကြောင်း သိရသည်။
Writer - အိသဉ္ဇာကျော်

Most Read

Most Recent