အများပြည်သူပိုင် မြသန္တာပန်းခြံအား ကလေးကစားကွင်း ဆောက်လုပ်ပေးမည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများကို စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းပြီး အခကြေးငွေရယူမည့် ဖူဆယ်ကစားကွင်း တည်ဆောက်နေမှုအပေါ် ရပ်ကွက်နေပြည်သူများ ကန့်ကွက်

အများပြည်သူပိုင် မြသန္တာပန်းခြံအား ကလေးကစားကွင်း ဆောက်လုပ်ပေးမည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများကို စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းပြီး အခကြေးငွေရယူမည့် ဖူဆယ်ကစားကွင်း တည်ဆောက်နေမှုအပေါ် ရပ်ကွက်နေပြည်သူများ ကန့်ကွက်
Published 20 October 2017

ရွှေပြည်သာမြို့နယ် မြသန္တာပန်းခြံနေရာတွင် တည်ဆောက်နေသည့် ဖူဆယ်ကစားကွင်းကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်

ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ပန်းခြံ (၈) မြသန္တာပန်းခြံနေရာအား ကလေးကစားကွင်း ဆောက်လုပ်ပေးမည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများကို စာရွက်အလွတ် ပေါ်လက်မှတ်ထိုးခိုင်းပြီး အခကြေးငွေရယူ ကစားမည့် ဖူဆယ်ကစားကွင်းကို ရွှေသံလွင်ကုမ္ပဏီက တည်ဆောက်နေမှုအပေါ်  ရပ်ကွက်နေပြည်သူများက လက်မခံဘဲ ကန့်ကွက်ခဲ့ကြောင်းနှင့် တိုင်ကြားထားကြောင်း ရပ်ကွက်နေပြည်သူများက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။

အဆိုပါ ပန်းခြံနေရာတွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက အဆိုပါပန်းခြံနေရာတွင် စီးပွားရေး လုပ်ငန်းရှင်တစ်စုက ၎င်းတို့သဘောဖြင့် အားကစားကွင်းတည်ဆောက်၍ အခကြေး ငွေယူမည့်အပေါ် ရပ်ကွက်နေပြည်သူများက တိုင်ကြားသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ရပ်ကွက်အတွင်း ပန်းခြံလျာထားမြေကို အစိုးရအဖွဲ့က စီမံခန့်ခွဲ၍ ပြည်သူလူထု လက်ခံသော အများပြည်သူအခမဲ့ အေးချမ်းစွာ အနားယူနိုင်မည့် ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

“ဒီဖူဆယ်ကွင်းကို လုပ်နေတဲ့ ရာအိမ်မှူးက ဒါဟာ စကိုင်းနက်က လုပ်တယ်လို့ ပြောတယ်။ စကိုင်းနက်ဆို ရွှေသံလွင်ပေါ့။ ကလေးကစားကွင်းလုပ်မယ်ဆိုပြီး စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းပြီး လောင်းကစား ဝိုင်းတွေ၊ ဖူဆယ်ကွင်းတွေ လုပ်မှာကို သ ဘောမတူနိုင်ပါဘူး” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးဖြစ်သည့် ဒေါ်နုယဉ်က ဆိုသည်။

ရွှေသံလွင်ကုမ္ပဏီက ကျပ်သိန်း ၅၀၀ လှူဒါန်းပြီး အခကြေးငွေရယူကစားမည့် ဖူဆယ်ကစားကွင်းနှင့် ကိုယ်ကျိုးစီးပွားရှာမည့် လူတစ်စုက လောင်းကစားဝိုင်းများပြုလုပ်ပြီး ငါးနှစ်ကြာရန်ပုံငွေရှာဖွေမည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုနေကြပြီး တာဝန်ရှိသူများထံ တိုင်ကြားထားသည့် မြသန္တာ ပန်းခြံနေရာတွင် စာကြည့်တိုက် (ဓမ္မာ ရုံ) တစ်ခုသာ တည်ဆောက်ခွင့်ပြုထားပြီး ပွင့်လင်းရာသီတွင် မီးတားမြေအဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းကို လုပ်နေတဲ့ ယောကျ်ားအုပ်စုလိုက်က အမျိုးသမီးနှစ်ယောက်တည်းကို စိန်ခေါ်တယ်။ စည်ပင်ကတောင် ဘာမှမပြောဘဲ နင်တို့ပြောစရာအကြောင်း မရှိဘူး။ တုတ်ယူမလား၊ ဓားယူမလားဆိုပြီး ကြိုက်တဲ့သူဆင်းလာခဲ့ ခုတ်မယ်ဆိုပြီး ပြောတယ်။ ဒီကစားကွင်းဖွင့်ပြီးရင် မနက်ကနေ ညနေအထိ နာရီပိုင်းနဲ့ ပိုက်ဆံယူပြီး သူတို့က လုပ်စားကြမှာ။ ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေရှိတယ်။ သူတို့တစ်နေ့လုံးဆူညံနေမှာ၊ လောင်းကစားဝိုင်းတွေ လုပ်နေမှာကို လက်မခံနိုင်ပါဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းမော်က ဆိုသည်။

အဆိုပါ ပန်းခြံနေရာအား ဖူဆယ်အား ကစားကွင်းနှင့် လောင်းကစားဝိုင်းများတည်ဆောက်ရာတွင် ဦးဆောင်သည်ဟုဆိုသူ အမှတ် (၉) ရပ်ကွက် ရာအိမ်မှူးဦးမြသောင်းက “ကျွန်တော်က အဓိကမဟုတ်ပါဘူး။ ရပ်ကွက်မှာ အားကစားဆပ်ကော်မတီ ကျွန်တော်ဖွဲ့ပေးထားတယ်။ ပန်းခြံထဲမှာစုပြီး အများသဘောဆန္ဒနဲ့ ဒါတွေလုပ်မယ်။ လက်မှတ်တွေစုပါတယ်။ တရားဝင်သန်းခေါင်စာရင်း နဲ့နေသူတွေကို လုပ်ပေးထားတဲ့ သဘောရှိပါတယ်။ ရပ်မိရပ်ဖတစ်ယောက် အနေနဲ့ ပါတာပေါ့။ ကျွန်တော်တို့မှာ ဘာစာချုပ်စာတမ်းမှ ချုပ်ဆိုထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ အလှူရှင် စကိုင်းနက်က သူ့စိတ်ကူးလေးတွေ နဲ့ပုံဖော်နေတဲ့ သဘောပဲရှိပါတယ်။ အခုလည်း တစ်ဝက်တစ်ပျက်ပဲ ပြီးပါသေးတယ်။ လှူတဲ့ အလှူရှင်က စကိုင်းနက်ပိုင်ရှင်လို့ ပြောပါတယ်။ အလှူရှင်စိတ်တိုင်းကျပုံဖော်နေပြီး လူငယ်လူလတ်တွေနဲ့ ညှိနှိုင်းနေတဲ့ သဘောပဲ ရှိပါသေးတယ်” ဟု ဆိုသည်။

အဆိုပါ ပန်းခြံနေရာသည် ရပ်ကွက်မှ ပိုင်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံတော်မှ ပိုင်ဆိုင်သည့်အတွက် သက်ဆိုင်ရာအဆင့်အလိုက် တာဝန်ရှိသူများဖြစ်သည့် စည်ပင်၊ မြို့နယ်ထွေအုပ်များအား တင်ပြပြီး သက်ဆိုင်ရာမှ ခွင့်ပြုပါက ဆောက်လုပ်နိုင်သည်ဟုသာ ပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများက လက်မခံနိုင်ကြောင်း ကန့်ကွက်လိုပါကလည်း ကန့်ကွက်နိုင်ပြီး ၎င်းအနေဖြင့် ဆက်လက် တင်ပြမည်ဖြစ်ကြောင်း အမှတ်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က ဆိုသည်။

Most Read

Most Recent