<

ကျပ်သိန်းတစ်ထောင်ကျော် အကုန်အကျခံ တည်ဆောက်ခဲ့သော ကလေးဝမြို့နယ် အတွင်းမှ ကြိုးတံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ပျက်စီး


ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကြိုးတံတားကို တွေ့ရစဉ်

ကျပ်သိန်းတစ်ထောင်ကျော် အကုန်အကျခံ တည်ဆောက်ခဲ့သော ကလေးဝမြို့နယ်ရှိ အင်ဒုတ်ကြိုးတံတားမှာ တည်ဆောက်ပြီး လေးလအကြာ ဇူလိုင် ၂၈ ရက် ညပိုင်းက ချောင်းရေတိုက်စားကာ ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“တံတားကတော့ အကုန်နီးပါး ပျက်စီးသွားပါတယ်။ ပိုင်တစ်ချောင်းပဲ ကျန်ပါတယ်။ ကြိုးတံတားဆိုတော့ ဟိုဘက်ဒီဘက် တာဝါတိုင်နှစ်ခု ရှိတဲ့ နေရာမှာ ချောင်းထဲမှာရှိတဲ့ တာဝါတိုင် တစ်ခုက လုံးဝ ပြိုလဲသွားပြီးတော့ တံတားရဲ့ ကြမ်းခင်းတွေ ကြိုးတွေက အစ ပျက်စီးသွားတာ ဆိုတော့ ၉၀ ရာခိုင်နှုန်း ပျက်စီးတယ်လို့ ပြောလို့ရပါတယ်” ဟု ကလေးဝမြို့နယ် NLD ပါတီမှ အတွင်းရေးမှူး ကိုအောင်ဇော်က ဆက်သွယ်ပြောကြားသည်။

အဆိုပါ ကြိုးတံတားအား ခွင့်ပြုငွေ ကျပ် ၁၀၅၉ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခင်ကလည်း တံတားအောက်ခြေတွင် ချောင်းရေတိုက်စားမှုကြောင့် ပြန်လည်ပြုပြင်ထားရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တံတားခွင့်ပြုချက်က ပေ ၃၀၀ ကျ လာတယ်။ ကုမ္ပဏီက ပေ ၃၉၀ အထိ ထပ်တိုးဆောက်ပေးခဲ့တယ်။ ဒါပေမဲ့ စိတ်ချရမယ့် ရေ၀င်ဧရိယာ အမာခံ တစ်ဖက်ကမ်းအထိ မရောက်ဘူး။ မရောက်တော့ ဘာပဲပြောပြော သဲမြေထဲ ပိုင်ချပြီး တည်ဆောက်ထားရတဲ့အတွက် ပျက်စီးနိုင်ခြေ ရှိတယ်လို့ ကြိုတွက်ထားကြပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ အချိန်အထိ ချောင်းရေက ကျနေတုန်းပါပဲ။ ကြိုးဆိုင်းတွေက မျောပါပြီးတော့ ဘေးကို သွားကပ်တာပါ။ တာဝါတိုင် တစ်ခုကတော့ ချောင်းအလယ်မှာ လဲကျ ပျက်စီးနေတာ တွေ့ပါတယ်။ ကြိုးတံတားရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ ဖောင်ဒေးရှင်းကြိုးဆွဲတဲ့ ငုတ်ရင်းတွေက မြေကြီးထဲကနေ ထွက်သွားပြီး ချောင်းရေထဲ ပါသွားပါတယ်” ဟု ကိုအောင်ဇော်က ပြောကြားသည်။

တံတားတည်ရှိရာ နေရာမှာ မိုးကောင်းချောင်းနှင့် နန်းပင်ချောင်း နှစ်ခုဆုံရာတွင် တည်ရှိပြီး လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ ပြည့်လျှံလျက် ရှိကြောင်း သိရသည်။

Writer: အောင်သူထွန်း (ကလေး)

July 29, 2017














Copy Protected by Chetan's WP-Copyprotect.