တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်သန်းကျော် လျော့ကျ

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်သန်းကျော် လျော့ကျ
Published 3 October 2017

အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရာတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်သန်းကျော် လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၉၉ ဒသမ ၆၃၀ သန်း ရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၄၀၇ ဒသမ ၇၂၇ သန်း ရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာရှစ်သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ မြိတ်၊ နဘုလယ်/ထီးခီးနှင့် တမူးစခန်းများမှ ကုန်သွယ်မှုပမာဏ လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၂ ရက်အထိ ချင်းရွှေဟော် နယ်စပ်စခန်း၏ နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅၇ ဒသမ ၄၇၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၉ သန်းကျော် လျော့နည်းခဲ့သည်။ ထို့အတူ ကျိုင်းတုံ နယ်စပ်စခန်းမှ ဒေါ်လာ နှစ်သန်းကျော်၊ တာချီလိတ်မှ ဒေါ်လာ လေးသန်းကျော်၊ မြဝတီမှ ဒေါ်လာ ၁၁ သန်းကျော်၊ မြိတ်မှ ဒေါ်လာ ရှစ်သန်းကျော်၊ နဘုလယ်/ထီးခီးစခန်းမှ ဒေါ်လာခြောက်သန်းကျော်နှင့် တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၁၈ သန်းကျော် အသီးသီး လျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ လျော့ကျခဲ့သည့် ကုန်သွယ်ရေးစခန်းများတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်သည့် မြဝတီစခန်း ပါဝင်ခဲ့သည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တော ထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ နှင့်နယ်စပ် ကုန်သွယ်မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့စသည့် နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းရန် အစီအစဉ်များရှိကြောင်း သိရသည်။

Most Read

Most Recent