မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများရှိ ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရေး UNOCHA နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဆွေးနွေး

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများရှိ ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရေး UNOCHA နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဆွေးနွေး
Published 27 September 2017

ပရဟိတပျိုးခင်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် တောင်ဘဇာကျေးရွာမှ ဒေသခံများအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်ကျနေသည့်ဒေသများရှိ ပြည်သူများအတွက် လူသားချင်း စာနာမှုအကူအညီများ ပိုမိုပေးအပ်နိုင်ရေး UNOCHA နှင့် ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး ဦးစီးဌာနတို့ စက်တင်ဘာ ၂၆ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

UNOCHA အဖွဲ့မှ Mr. Chris Hh Hyslop ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများနှင့် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့် လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်မှုစီမံချက်တို့နှင့် စပ်လျဉ်းပြီး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်အား လာရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် UNOCHA အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများရှိ ပြည်သူများအတွက် လူသားချင်း စာနာမှု အကူအညီများ ပေးအပ်နိုင်ရေး၊ ၂၀၁၈ ခုနှစ်အတွက် တုံ့ပြန်ရေး စီမံချက်ရေးဆွဲရာတွင် နိုင်ငံမှ အတည်ပြုထားသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ၊ ပြည်သူလူထုဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး မူဘောင်နှင့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် ၂၀၁၇ တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများသည် ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းကို အထောက်အပံ့ ဖြစ်စေရေးနှင့် အခြားသက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပိုမိုပေါင်းစပ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သဘာဘေးအန္တရာယ်များ၊ တိုက်ပွဲများနှင့် လူမှုရေး ပဋိပက္ခများကြောင့် ၂၀၁၇ ခုနှစ်အတွင်း လူဦးရေ ငါးသိန်းကျော် အကူအညီ လိုအပ်မည်ဖြစ်ကြောင်း ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် UNOCHA Myanmar ၏ လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ဖော်ပြခဲ့သည်။

အကူအညီလိုအပ်မည့် လူပေါင်း ၅၂၅,၀၀၀ အတွက် လူသားချင်းစာနာမှု တုံ့ပြန်ရေး စီမံကိန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်မည်ဟု သတင်းလွှာမှ ဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ရပ်ရွာများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူစခန်းများ၊ လက်ခံရပ်ရွာများတွင် နေထိုင်နေကြရသော အမျိုးသမီးနှင့် ကလေးငယ် ရာခိုင်နှုန်း ၈၀ ပါဝင်သည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၁၈၀၀၀ ကို ဦးတည်ပါကြောင်း၊ ရွှေ့ပြောင်းရခြင်းမရှိဘဲ မိမိတို့၏ မူလရပ်ရွာများတွင်သာ နေထိုင်နေရသော်လည်း လိုအပ်သည့် ဝန်ဆောင်မှုများကို လက်လှမ်းမီမှု မရှိဘဲ လူသားချင်းစာနာမှု အကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုကို ဆက်လက် လိုအပ်လျက်ရှိသော ထိခိုက်လွယ်သည့် အခြေအနေရှိ လူပေါင်း ၃၇၀၀၀၀ အတွက်လည်း ရည်မှန်းထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အကူအညီပေးရန် လိုအပ်သည့် လူဦးရေ အရေအတွက်မှာ တစ်သန်းကျော် လျော့နည်းသွားခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့် ရန်ပုံငွေပမာဏမှာလည်း ဒေါ်လာသန်း ၁၉၀ မှ ၁၅၀ သို့ လျော့ကျသွားကြောင်း၊ ယင်းသို့လျော့ကျသွားခြင်းမှာ ၂၀၁၅ ခုနှစ် ရေဘေးတုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ ပြီးဆုံးသွားခြင်းကြောင့်ဖြစ်ပြီး စရိတ်သက်သာပြီး အကျိုးကျေးဇူး အများဆုံးရှိသည့် အကူအညီများ ဖြန့်ဝေပေးမှု နည်းလမ်းအသစ်များကြောင့်လည်း ဖြစ်ကြောင်း UNOCHA Myanmar ၏သတင်းလွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

စုစုပေါင်း ရန်ပုံငွေလိုအပ်ချက်တွင် ရန်ပုံငွေအများဆုံး အသုံးပြုရန် လိုအပ်နေသည့်ကဏ္ဍမှာ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ဖြစ်ပြီး ဒေါ်လာသန်း ၅၀ လိုအပ်မည်ဟု လျာထားကြောင်း၊၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့လူသားချင်း စာနာမှုဆိုင်ရာ ထိပ်သီးညီလာခံ၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်အညီ လူသားချင်းစာနမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ လူသားချင်း စာနာမှုထားရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင်  အကောင်အထည်ဖော်ရန် မူဘောင်ချမှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent