ရန်ကုန်တိုင်းအတွင်းရှိ ကျုးကျော်အိမ်ထောင်စု ၁၅၀၀၀၀ ကျော်ကို နေရာချထားမှု အောက်တိုဘာတွင် စတင်ဆောင်ရွက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ကျုးကျော်အိမ်ထောင်စု ၁၅၀၀၀၀ ကျော်ကို နေရာချထားမှု အောက်တိုဘာတွင် စတင်ဆောင်ရွက်မည်
Published 24 September 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်အိမ်ထောင်စု ၁၅၀၀၀၀ ကျော်ကို နေရာချထားပေးမှု လာမည့်အောက်တိုဘာတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

“ကျုးကျော်များကို နေရာချထားရေး အတွက်လည်း ဒီအောက်တိုဘာလကနေစပြီး ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ကျုးကျော်တွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်းအတွင်းမှာ အိမ်ထောင်စု ၁၅၀၀၀၀ ကျော် ရှိနေပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်တို့အားလုံးကို အိမ်ရာရရှိနိုင်အောင် စီမံချက်တစ်ရပ် ရေးဆွဲပြီး လုပ်ဆောင်သွားမယ်ဆိုတာ အသိပေးလိုပါတယ်။ ဘာကြောင့်လဲဆို စက်မှုဇုန်တွေထဲ မှာ ကျုးကျော်တွေကလည်း ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေတဲ့ပြဿနာ ရှိပါတယ်။ ဒီနေရာမှာ ကျူးကျော်နေထိုင်သူတွေကို စစ်တမ်းကောက်ယူ ကြည့်တဲ့အခါမှာ အားလုံးဟာ အလုပ်အကိုင် အခွင့်အလမ်း ရှိနေပါတယ်။ အလုပ်ရှိနေတယ်။ ဒါပေမဲ့ သူတို့မှာ အိမ်မြေဝယ်နိုင်လောက်တဲ့ အခြေအနေ မရှိဘူးဖြစ်နေပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အလုပ်အကိုင်ကို အာမခံပေးပြီးတော့ သူတို့ကို အိမ်ရာထူထောင်ပေးနိုင်ရေးနဲ့ ရေ၊ မီး၊ ရေဆိုး၊ အမှိုက်ကိစ္စတွေမှာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားပါမယ်။ မြို့နယ်အလိုက်မှာလည်း စက်မှုဇုန်တွေတည်ထောင်ပြီးတော့ မြို့နယ်အလိုက် ဖြန့်ကြက်သွားဖို့ ပြင်ဆင်သွား မှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၁၉ မြို့နယ်အတွင်း ၁၉၉၀ ပြည့်နှစ် နှင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကို နှိုင်းယှဉ်ပါက ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ငါးဆကျော် တိုးပွားလာကြောင်း ရန်ကုန်မြို့ရှိ ကျူးကျော်များနှင့်ပတ်သက်၍ စာတမ်းပြုစုခဲ့သူ တစ်ဦး၏အဆိုအရ သိရသည်။

ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှိုင်၊ အင်းစိန်စသောမြို့နယ်များတွင် စာရင်းကောက်ယူ သုတေသနပြုလုပ်ချက်များအရ ယင်းသို့သိရခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များတွင် ၁၉၉၀ ပြည့်နှစ်က ကျူးကျော် အိမ်ခြေ ၉၀၁၉ အိမ်သာရှိခဲ့ရာမှ ယခုကျူးကျော်အိမ်ခြေ ၄၃၉၈၅ အိမ်အထိ တိုးပွားလာကာ ကျူးကျော်အိမ်ခြေ အများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကျူးကျော်နေထိုင်သူ တစ်သိန်းကျော်ရှိကြောင်း၊ ဒုတိယ အများဆုံးမြို့နယ်မှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာရင်းကောက်ယူထားမှုများအရ ကျုးကျော်အရေအတွက်မှာ ခရိုင်လေးခုတွင် ကျူးကျော်အိမ်ခြေပေါင်း ၁၁၀၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၅၀၀၀၀ ကျော် နှင့် လူဦးရေ စုစုပေါင်း ၄၅၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

Most Read

Most Recent