သီပေါမြို့နယ် ကုန်းမုန်ကျေးရွာတွင် ကျော်စောသတင်းကြီးနေသော မူးယစ်ဆေးဝါးစခန်းအား အဖွဲ့စုံဖြင့် ဝင်ရောက်ဖမ်းဆီးရာ ခြောက်ဦးဖမ်းဆီးရမိပြီး ၄၀ ဦးခန့် လွတ်မြောက်သွားဟုဆို

သီပေါမြို့နယ် ကုန်းမုန်ကျေးရွာတွင် ကျော်စောသတင်းကြီးနေသော မူးယစ်ဆေးဝါးစခန်းအား အဖွဲ့စုံဖြင့် ဝင်ရောက်ဖမ်းဆီးရာ ခြောက်ဦးဖမ်းဆီးရမိပြီး ၄၀ ဦးခန့် လွတ်မြောက်သွားဟုဆို
Published 22 September 2017

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းမုန်ရွာတွင် ကျော်စောသတင်းကြီးနေသော မူးယစ်ဆေးဝါးစခန်းတစ်ခုအား စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက အဖွဲ့စုံဖြင့် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာ ခြောက်ဦးဖမ်းဆီးရမိပြီး ၄၀ ဦးခန့် လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ နေရာတွင် တာဝန်ရှိသူများ သတင်းပေး တိုင်တန်းချက်အရ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကာ၊ ယခင်နှစ်များကလည်း ရဲတပ်ဖွဲ့ အင်အားစုံဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ ဖမ်းဆီးရမိခြင်းမရှိဘဲ၊ ယခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများ အင်အားပေါင်း ၃၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ရာ ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ဝင်းက ပြောကြားသည်။

“မနက်က ကုန်းမုန်မှာ ဝင်ဖမ်းတာ ခြောက်ယောက်မိတယ်။ လွတ်တာတော့ မသိဘူး။ ချုံထဲတိုးတာတော့ လွတ်တာပေါ့။ အဲဒီနေရာက နာမည်ကြီးတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း တစ်ခေါက်သွားတာမမိဘူးလေ။ သေချာကင်းချပြီး လုပ်တာမမိဘူး။ အပြန်မှာလည်း နောက်တစ်နေရာ ဝင်ပါတယ်။ ဒါပေမဲ့ ဒီနေရာကနေ လွတ်သွားတဲ့ကောင်တွေက သတင်းပေးတော့ မမိလိုက်ဘူး။ စံလောင်းကို ဝင်ပေမယ့် အိမ်ရှင်မရှိတော့ဘူး။ ဝယ်တဲ့သူတွေပဲ ရှိတာပေါ့။ အဖွဲ့စုံအင်အား ၃၀ လောက် ရှိတာပေါ့။ အသေးစိတ်စာရင်းကိုတော့ စိစစ်နေတုန်းပဲ။ ဆေးပြားတွေ ဘိန်းဖြူတွေ ဆေးထိုးအပ်၊ ဆေးထိုးပိုက်တွေ မိတာပေါ့။ မိတဲ့ထဲမှာ ရောင်းတဲ့သူတစ်ယောက်ပါတယ်။ သုံးစွဲသူ ငါးယောက်ပါတယ်။ ကျွန်တော်တို့ကတော့ စွဲတင်လိုက်မယ်။ ကျန်တာကတော့ တရားရုံးကနေ ဆုံးဖြတ်မှာပေါ့နော်” ဟု ရဲမှူးမြင့်ဝင်းက ပြောကြားသည်။

“မနက်တုန်း မူးယစ်ဆေးဝါး ဝင်ဖမ်းတာ။ အဲဒီနေရာက နာမည်ကြီးနေတာလေ။ ဒါတောင်မှ အယောက် ၄၀ လောက်က လွတ်သွားသေးတယ်။ သုံးစွဲ၊ ရောင်းဝယ်နေတဲ့ စခန်းကို သတင်းတော့ရတယ်။ ဒါပေမဲ့ ရဲသွားဖမ်းတာ မရဘူးလေ။ သူတို့ကတောထဲမှာဆိုတော့ အဲဒီနေရာမှာ အများကြီးမမိဘူး ထွက်ပြေးကုန်တာလေ။ သီပေါမြို့နယ်ကနေ ၁၈ မိုင်လောက်ဝေးတယ်။ ဝင်ဖမ်းတာ တပ်မတော်လည်းပါတယ်၊ ရဲလည်းပါတယ်။ အဖွဲ့စုံပေါ့။ အပြန်မှာတော့ စံလောင်းကျေးရွာမှာလည်းရောင်းတဲ့ အိမ်တစ်အိမ်ကို ဝင်ဖမ်းမယ် ပြောသေးတယ်” ဟု သီပေါဒေသခံ ကိုဒေါ်လာက ပြောကြားသည်။

Most Recent