မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအပေါ် ဆဲဆိုခဲ့သည့် အမျိုးသားယာဉ်မောင်းအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအပေါ် ဆဲဆိုခဲ့သည့် အမျိုးသားယာဉ်မောင်းအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေ
Published 11 September 2017

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော စည်းကမ်းမဲ့ မော်တော်ယာဉ် အရေးယူခြင်းခံရရာမှ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် စကားအချေအတင်များပြီး ဘာသာရေးအပေါ် ဆဲဆိုခဲ့သည့် ဗီဒီယိုဖိုင်မှ မွတ်ဆလင် အမျိုးသားအား တွေ့ရစဉ်

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ ဗညားဒလမ်းနှင့် ဦးအောင်မြတ်လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအပေါ် ဆဲဆိုခဲ့သည့် မွတ်ဆလင် အမျိုးသား ယာဉ်မောင်းဖြစ်သူအား ဥပဒေပုဒ်မ သုံးခုဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းမှ စက်တင်ဘာ ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်အား ရိုက်ကူးထားသည့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ကိုယ်ပိုင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူက ဆဲဆိုသည်ဆိုသော ဗီဒီယိုဖိုင်မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းသာဖြစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာအချို့တွင် ရေးသားမှုများ ရှိခဲ့သော်လည်း ယင်းသို့ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆဲဆိုခဲ့ခြင်းမှာ ၂၀၁၇ ခုနှစ်စက်တင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် အမှုဖွင့်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာတောင်ညွှန့်ရပ်ကွက် မြန်မာ့ဂုဏ်ရည်လမ်း၊ သပြေကုန်းရပ်ကွက် ဗညားဒလလမ်းနှင့် ဦးအောင်မြတ်လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်နားထားသည့် စည်းကမ်းမဲ့ မော်တော်ယာဉ်များ ရှိသည့်အတွက် တောင်ပိုင်းခရိုင်စည်ပင်၊ မြို့နယ်စည်ပင်၊ ထွေအုပ်နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ နှင့် မင်္ဂလာတောင်ညွှန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှ ပူးပေါင်း၍ စစ်ဆေးခြင်း စက်တင်ဘာ ၄ ရက်က ဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းပေါ်၌ အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ယူစွတ်(ခ)ကျော်စိုးဝင်း၏ မော်တော်ယာဉ်အမှတ် 1D/2794 (ငွေမှင်ရောင်/ကိုယ်ပိုင်ယာဉ်) အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ စစ်ဆေးပြီး ချလံဖြတ် အရေးယူခဲ့ကြောင်း သိရသည်။

ထို့နောက် ယူစွတ်(ခ)ကျော်စိုးဝင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အား '' အရက်စော်နံတယ် ၊ ဗုဒ္ဓဘာသာတွေ xx လောက်ပဲရှိတယ်။ အရက်ဆိုင်မှာ ပြည့်နေတာပဲ'' ဟု ဆဲဆိုပြောသဖြင့် ဘေးပတ်ဝန်းကျင်တွင် ရပ်ကြည့်နေသော ပြည်သူများမှ ၎င်း၏ပြောဆိုချက်အား မကျေနပ်သဖြင့် အဆိုပါနေရာတွင် အခြေအတင် စကားများခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖြစ်စဉ်နှင့်ပက်သက်ပြီး လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်မှု အကြောင်းတရားများကို နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ ဖြေရှင်းနေစဉ် ကာလအတွင်း ၎င်း၏ အပြောအဆို အပြုအမူသည် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေပြီး မလိုလားအပ်သော ပဋိပက္ခ ဖြစ်ပေါ်နိုင်သည့် ၎င်းသည် မိမိတို့ကိုးကွယ်သည့် ဘာသာကို စော်ကားခြင်းဖြစ်သည့်အတွက် ဟုဆိုကာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာတောင်ညွှ့န်ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ယူစွတ်(ခ)ကျော်စိုးဝင်းအား အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွှ့န့် မြို့မရဲစခန်းမှ ယူစွတ်(ခ)ကျော်စိုးဝင်းအား (ပ)၅၀၂/၂၀၁၇ ၊  ဥပဒေပုဒ်မ ၂၉၄/၂၉၅(က)/၁၈၆ တို့ဖြင့် အမှုဖွင့်ထားပြီး လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

 

 

Most Read

Most Recent