ပခုက္ကူသီးနှံဈေးကွက်အတွင်း လက်ငင်းစနစ်ဖြင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ပဲစင်းငုံဈေးနှုန်းမှာ စက်တင်ဘာ ၁၀ ရက်ဈေးကွက်တွင် တစ်တင်း ကျပ်  ၁၂၈၀၀ သာ ပေါက်ဈေးရှိတော့

ပခုက္ကူသီးနှံဈေးကွက်အတွင်း လက်ငင်းစနစ်ဖြင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ပဲစင်းငုံဈေးနှုန်းမှာ စက်တင်ဘာ ၁၀ ရက်ဈေးကွက်တွင် တစ်တင်း ကျပ်  ၁၂၈၀၀ သာ ပေါက်ဈေးရှိတော့
Published 11 September 2017

ယခင်အရောင်းအဝယ် ကောင်းစဉ်က ပဲစင်းငုံ ချိန်တွယ်နေသည့် ပခုက္ကူမြို့မှ ပွဲရုံလုပ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ပခုက္ကူသီးနှံဈေးကွက်အတွင်း လက်ငင်းစနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်နေသည့် ပဲစင်းငုံဈေးနှုန်းမှာ စက်တင်ဘာ ၁၀ ရက် ဈေးကွက်တွင် တစ်တင်းကျပ် ၁၂၈၀၀ သာ ပေါက်ဈေးရှိတော့ပြီး ဈေးနှုန်းအလွန်အမင်း ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ဝယ်ယူသူ နည်းပါးသွားပြီး ဈေးနှုန်းကျဆင်းနေသည့်အတွက် အရောင်းအဝယ် ခန့်မှန်းရန်ပင် ခက်ခဲနေပြီး တစ်တင်း ၁၂၈၀၀ ကျပ်ဈေးနှုန်းမှာ ပဲစင်းငုံရောင်းဝယ်ခဲ့သည့် ကာလတစ်လျှောက် အနည်းဆုံး ဈေးနှုန်းဖြစ်ကြောင်း သိရသည်။

“ပဲစင်းငုံရောင်းတာ၊ ဝယ်တာ ပြန်လုပ်ပေမယ့် အဝယ်နည်းလို့ ဈေးကျတယ်လောက်ပဲ ပြောနိုင်ပါတယ်။ အရောင်းအဝယ်လုပ်ရတာ အတော်လေးစဉ်းစားရကြပ်တယ်။ ဒီဈေး ဖြစ်မယ်လို့ တောင်သူရော၊ ကုန်သည်ရော တွေးတောင် မတွေးဘူးတဲ့ ဈေးနှုန်းပါ” ဟု ပခုက္ကူကုန်စည်ဒိုင် အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ပဲစင်းငုံသီးနှံအဓိက ဝယ်ယူနေသည့် အိန္ဒိယနိုင်ငံမှ တင်သွင်းမှု ကန့်သတ်လိုက်သည့်အတွက် သြဂုတ်လလယ်ပိုင်းမှစ၍ ဈေးနှုန်းအလွန်အမင်း ကျဆင်းခဲ့ပြီး တစ်တင်းကျပ် ၁၅၀၀၀ သာ ပေါက်ဈေးရှိတော့သည့်အတွက် သြဂုတ် ၂၃ ရက်တွင် ရောင်းဝယ်မှု ယာယီရပ်နား ထားခဲ့ရသည်။

တစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဖြင့် ရောင်းဝယ်မှုရပ်နားခဲ့ပြီးနောက် သြဂုတ် ၃၀ ရက်တွင် အရောင်းအဝယ် ပြန်လည်စတင်ခဲ့သော်လည်း တစ်တင်းလျှင် ကျပ် ၁၃၈၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ဈေးနှုန်းကျဆင်းနေမှုကြောင့် ကုန်လက်ကျန် ရှိနေသေးသည့် တောင်သူနှင့် ပွဲရုံလုပ်ငန်းရှင်အားလုံး စိုးရိမ်နေကြောင်း သိရသည်။

“နှစ်တိုင်း တောင်သူဆီမှာ ပဲကုန်ချိန်ဆို ဈေးတက်နေကြမို့ ဒီနှစ်ဈေးတက်စောင့်ပြီး မရောင်းဘဲထားတဲ့ တောင်သူတွေ အများကြီးပါ။ လက်ရှိဈေးကတော့ သွားရောင်းလို့တောင် စိုက်စရိတ်မရတဲ့အပြင် ကားခရှုံးမယ့် အခြေအနေပါ။ ရိတ်ခသိမ်းခတင် လက်ရှိဈေးလောက် ကုန်ပါတယ်။ တောင်သူအတွက်တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ တောင်သူတွေမှာ ပဲစင်းငုံက စိုက်ပြီးကြပြီ။ လက်ရှိ ကုန်လက်ကျန် ရောင်းမကုန်သေးခင် နောက်စိုက်ထားတဲ့ သီးနှံဘယ်လိုလုပ်ရမယ် မသိတော့ဘူး” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ တောင်သူ ကိုသက်ခိုင်က ပြောကြားသည်။

ပခုက္ကူဒေသတစ်ဝိုက် ယာမြေများမှ ထွက်ရှိသည့် ပဲစင်းငုံသီးနံှမှာ ၂၀၁၅ ခုနှစ်တွင် တစ်တင်းလျှင် အနိမ့်ဆုံး ကျပ် ၂၅၂၀၀ မှ အမြင့်ဆုံး ကျပ် ၅၂၀၀၀၊ ၂၀၁၆ ခုနှစ်တွင် အနိမ့်ဆုံး ကျပ် ၂၄၇၀၀ မှ အမြင့်ဆုံး ၄၈၀၀၀ ကျပ်ရောင်းခဲ့ရပြီး ယခုနှစ်တွင် ဈေးနှုန်းအလွန်အမင်း ကျဆင်းမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့် ပမာဏ ကန့်သတ်လိုက်သည့်အတွက် သြဂုတ်လတတိယပတ် ပခုက္ကူ သီးနှံဈေးကွက်တွင် ဈေးနှုန်းကျဆင်းခဲ့သည့် ပဲတီစိမ်းသီးနှံမှာ ဝယ်ယူမှု များပြားလာသည့်အတွက် စက်တင်ဘာ ၁၀ ရက် ဈေးကွက်တွင် တစ်တင်းကျပ် ၂၉၃၀၀ အထိ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

 

Most Read

Most Recent