ထရန့်ကို သတိပေးရန်အတွက် ဗင်နီဇွဲလားက စစ်ရေးလေ့ကျင့်မှုများ စတင်

ထရန့်ကို သတိပေးရန်အတွက် ဗင်နီဇွဲလားက စစ်ရေးလေ့ကျင့်မှုများ စတင်
Published 27 August 2017

ဇူလိုင် ၅ ရက်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအတွင်း လက်ဝှေ့ယမ်းနှုတ်ဆက်နေသည့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Photo: AFP)

စစ်ရေးအရ အရေးယူမည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှု၊ အသစ်ထပ်မံ ချမှတ်လိုက်သော ပိတ်ဆို့အရေးယူမှုတို့ကို တုံ့ပြန်ရန်အတွက် ဗင်နီဇွဲလားသည် သြဂုတ် ၂၆ ရက်က နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။

ဗင်နီဇွဲလားကို မဖြစ်မနေ လိုအပ်ပါက စစ်ရေးအရ အရေးယူမှု အပါအဝင် အရေးယူမှု အများအပြား ချမှတ်ရန် စဉ်းစားနေသည်ဟု ထရန့်က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ဒုတိယသမ္မတ မိုက်ပင့်စ်က ထိုခြိမ်းခြောက်မှုကို ပြန်လည်လျှော့ချပေးသည့် အနေဖြင့် အမေရိကန်သည် သံတမန်ရေးအရ ဖြေရှင်းမှုနှင့် စီးပွားရေး ပိတ်ဆို့မှုများကိုသာ ဦးစားပေး လုပ်ဆောင်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေး အကြံပေး အက်ချ်အာမက်မတ်စတာကလည်း လာမည့် အနာဂတ်အတွင်း ဗင်နီဇွဲလားကို စစ်ရေးအရ အရေးယူရန် မရှိဟု ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူတော်သည် ဗင်နီဇွဲလား အစိုးရအပေါ် ချမှတ်မည့် တင်းကျပ်သော စီးပွားရေး ပိတ်ဆို့အရေးယူမှု အသစ်များကို သြဂုတ် ၂၅ ရက်က ကြေညာခဲ့ရာ တင်းမာမှုများမှာ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ ထိုပိတ်ဆို့မှုသည် မာဒူရိုနှင့် ၎င်း၏ အတွင်းစည်းကို ပစ်မှတ်ထားခြင်းထက် ဗင်နီဇွဲလား တစ်ခုလုံးကို ပစ်မှတ်ထားသည့် ပထမဆုံး အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဟု သိရသည်။

ယင်းပိတ်ဆို့မှုများအရ ဗင်နီဇွဲလား အစိုးရနှင့် ငွေကြေး အများအပြား ဖန်တီးပေးနေသည့် ၎င်း၏ ရေနံကုမ္ပဏီ PDVSA တို့မှ ထုတ်ရောင်းသည့် ငွေချေးစာချုပ် အသစ်များကို ကုန်သွယ်မှုတွင် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ဗင်နီဇွဲလား အစိုးရက အမေရိကန်၏ နောက်ဆုံးပိတ်ဆို့ အရေးယူမှုများသည် အဆိုးရွားဆုံး ရန်စမှု ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

“ကျွန်တော်တို့ဟာ ပြည်သူနဲ့နိုင်ငံကို ကာကွယ်သွားမှာပါ” ဟု ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဂျော့အရီဇာက ပြောကြားခဲ့သည်။

စစ်ရေးအရ အရေးယူမည်ဆိုသော ထရန့်၏ ခြိမ်းခြောက်မှုသည် အမေရိကန် အစိုးရက ၎င်းကိုဖြုတ်ချရန် စီစဉ်နေပြီး ဗင်နီဇွဲလား ရေနံများကို သိမ်းယူလိုသည်ဆိုသော မာဒူရို၏ ထပ်တလဲလဲ စွပ်စွဲချက်များကို ပိုမို ထောက်ခံပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

မာဒူရိုသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံaရး အကျပ်အတည်းများအား ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဗင်နီဇွဲလားတွင် မာဒူရို အစိုးရအဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအတွင်း သေဆုံးသူ ၁၂၅ ဦးရှိပြီဖြစ်သည်။

မာဒူရိုကမူ ဗင်နီဇွဲလား ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်းများနှင့် နိုင်ငံတွင်းမှ အကြမ်းဖက် ဆန္ဒပြမှုများသည် အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ကြံစည်မှုများသာ ဖြစ်သည်ဟု စွပ်စွဲထားသည်။

Ref: AFP

Most Read

Most Recent