အမေရိကန်သက်တမ်းလတ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကိုလွှမ်းမိုးရန် လှုပ်ရှားမှုအား Facebook က ဖော်ထုတ်

အမေရိကန်သက်တမ်းလတ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကိုလွှမ်းမိုးရန် လှုပ်ရှားမှုအား Facebook က ဖော်ထုတ်
Published 2 August 2018

ဇူလိုင် ၃၁ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလေး၌ Facebook အကျပ်ရိုက်မှုဆိုင်ရာ အကြောင်းကို ဆွေးနွေးနေကြစဉ် (Photo: AFP)

နိုဝင်ဘာလတွင်ကျင်းပမည့် သက်တမ်းလတ် အမေရိကန်ရွေးကောက်ပွဲများ မတိုင်မီ ထိရှလွယ်သော အကြောင်းအရာများကို မီးထိုးပေးရန် ပူးပေါင်းကြိုးပမ်းသည်ဟု ယူဆရမှုများထဲ၌ ပါဝင်သည့် အကောင့်နှင့် ပေ့ချ်အတုများကို ပိတ်လိုက်ပြီဖြစ်ကြောင်း Facebook က ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့သည်။ ယင်းလုပ်ရပ်များတွင် ရုရှားပါနေသည်ဟု သံသယဖြစ်မှုများရှိသော်လည်း Facebook က ရင်းမြစ်ကို အတိအကျ မထုတ်ဖော်နိုင်သေးပေ။

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာကွန်ရက်နှင့် ဓာတ်ပုံမျှဝေရေးဆိုက် Instagram တို့ပေါ်မှ မကောင်းသော အကောင့်များသည် ရုရှားနှင့် တိုက်ရိုက်ဆက်နွှယ်နေခြင်း မရှိနိုင်ဟု Facebook က ဆိုခဲ့သည်။

၂၀၁၆ ခုနှစ်အမေရိကန် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်ဘက်သို့ မဲယိမ်းစေရန် ရုရှားတို့က လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေးများက ကောက်ချက်ချထားပြီး ရုရှား၏ ယင်းကြိုးပမ်းမှုများတွင် Facebook သည် အခြေခံလက်နက်ကိရိယာ တစ်ခုဖြစ်ခဲ့ရသည်ဟု ဆိုခဲ့သည်။

၂၀၁၈ ခုနှစ် သက်တမ်းလက် ရွေးကောက်ပွဲကျင်းပရန် သုံးလသာလိုတော့သည့် အချိန်တွင် ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်နေကြောင်း Facebook က ကြေညာခဲ့သည်။

“၂၀၁၈ ခုနှစ်အတွက် ကျွန်တော်တို့ရဲ့ ပထမဦးစားပေး လုပ်ဆောင်ရမယ့်အချက်တွေထဲက တစ်ခုဟာ Facebook ကို မှားယွင်းစွာ အသုံးပြုရေးကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ “လူတွေအချင်းချင်း ပိုပြီးနီးစပ်စေဖို့အတွက် ကျွန်တော်တို့တတွေ ဝန်ဆောင်မှုတွေကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်တော်တို့ကို ကွဲပြားစေဖို့အတွက် အလွဲသုံးစားပြုမှုတွေကို ကာကွယ်နိုင်ဖို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်လိုပါတယ်” ဟုလည်း ဇက်ကာဘတ်က ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်၏ ဒီမိုကရေစီစနစ်ထဲတွင် ကြားဝင်စွက်ဖက်ရန် ရုရှား၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထရန့်က ကြိမ်ဖန်များစွာ မှိန်ချထားခဲ့သည်။ လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကလည်း ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ရပ်တည်ပေးခဲ့သည့်အပြင် ရုရှား၏ ဝင်စွက်ဖက်မှုများအပေါ် ပြန်လည် သံသယဝင်ပုံပြခဲ့သည့်အတွက် နိုင်ငံတကာ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ Facebook ၏ ယခု ကြေညာချက် ထွက်ပေါ်ပြီးနောက်မှ ထရန့်သည် ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများအားလုံးကို ဆန့်ကျင်သည့်အကြောင်း အိမ်ဖြူတော်က အလေးပေး ထုတ်ပြန်ခဲ့သည်။

အချို့သော ဝင်စွက်ဖက်သည့် လုပ်ရပ်များသည် စိန့်ပီတာစဘက်အခြေစိုက် အင်တာနက် သုတေသနအေဂျင်စီ (IRA) ၏လုပ်ရပ်များနှင့် တစ်ထပ်တည်းကျနေသည်ဟု Facebook က ဆိုသည်။ ထိုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကို လွှမ်းမိုးရန် Facebook အကောင့်တုများစွာကို လုပ်ခဲ့သည့် ရုရှား Troll လုပ်ငန်းတစ်ခုဖြစ်သည်။

“ဒါပေမဲ့ လက်ရှိအချိန်မှာတော့ IRA ကို လူသိရှင်ကြား ရည်ညွှန်းဖို့အတွက် သက်သေတွေ အခိုင်အမာရှိတယ်လို့တော့ ကျွန်တော် မထင်ပါဘူး” ဟု Facebook လုံခြုံရေး အကြီးအကဲ အလက်စ်စတပ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent