မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်
Published 5 July 2018

ဇူလိုင် ၄ ရက်က ကွာလာလမ်ပူတွင် ဒူတာတရားရုံးသို့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် (လယ်) က ရောက်ရှိလာစဉ် (Photo: AFP)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ဘဏ္ဍာရေး အရှုပ်တော်ပုံတစ်ခုနှင့် ပတ်သက်သည့် ခြစားမှုဖြင့် ဇူလိုင် ၄ ရက်က တရားဝင် အမှုဖွင့်စွဲချက်တင်ခံခဲ့ရပြီဖြစ်သည်။

နာဂျစ်သည် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး နှစ်လပင်မရှိသေးသည့်ကာလအတွင်း တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် နာဂျစ်သည် ရုံးတင်စစ်ဆေးခံရသည့် ပထမဆုံး မလေးရှားဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်လာခဲ့သည်။

နာဂျစ်ရာဇက်သည် ရင်းဂစ် ၄၂ သန်း (ဒေါ်လာ ၁၀ ဒသမ ၄ သန်း) အား ရရှိရန် အာဏာအလွဲသုံးစားပြုခဲ့မှုနှင့် ယုံကြည်မှု ချိုးဖောက်မှုဆိုင်ရာ စွဲချက်သုံးခုတို့ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။ အစိုးရရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (1MDB) ၏ လက်ခွဲဟောင်း SRC International ပါဝင်နေသော ငွေလွှဲပြောင်းမှုအား စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နာဂျစ်မှာ ယခုကဲ့သို့ အမှုဖွင့်ခံခဲ့ရသည်။

ပင်ပန်းနွမ်းနယ်နေပုံရသည် နာဂျစ်သည် စွဲချက်တင်ခံနေရစဉ် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့ပြီးနောက် အဆိုပါစွဲချက်များ အားလုံးအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။

ယင်းစွဲချက်လေးခုစလုံးအနက် တစ်ခုချင်းစီသည် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ခြေ ရှိနေသည်။ သို့သော် နာဂျစ်သည် ရင်းဂစ်တစ်သန်း (ဒေါ်လာ ၂၄၇၀၀၀) ဖြင့် အာမခံရရှိခဲ့သည်။

အသက် ၆၄ နှစ်အရွယ် နာဂျစ်သည် ၎င်း၏ ဇိမ်ခံအိမ်ကြီးတွင် ထောက်လှမ်းရေးများ၏ လာရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်တစ်နေ့မှာပင် အမှုဖွင့်စွဲချက်တင်ခံခဲ့ရသည်။

“နာဂျစ်ဟာ မလေးရှား သမိုင်းတစ်လျှောက် တရားရုံးမှာ အမှုဖွင့်စွဲချက်တင်ခံခဲ့ရတဲ့ ပထမဆုံးဝန်ကြီးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်” ဟု လက်ရှိ အာဏာညွန့်ပေါင်းထဲမှ အဓိကပါတီဖြစ်သော Parti Keadilan Rakyat ပါတီမှ ဒုတိယခေါင်းဆောင် တီယန်ချူက ပြောကြားခဲ့သည်။ “ဒါဟာ အာဏာအလွဲသုံးစားပြုမယ်ဆိုရင် ဘယ်လို အစိုးရဝန်ထမ်းကမှ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိမှာ မဟုတ်တဲ့ ခေတ်သစ်ကို ရောက်လာတယ်ဆိုတဲ့အကြောင်း လက္ခဏာသစ်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နာဂျစ်အား ၎င်း၏မလေးရှားနိုင်ငံကူး လက်မှတ်နှစ်ခုကို အပ်နှံရန်လည်း ညွှန်ကြားခံခဲ့ရသည်။

၁၂ ဦးပါသော တရားလိုရှေ့နေအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ရှေ့နေချုပ် တိုမီသော မတ်စ်က နာဂျစ်အား ငွေသား ရင်းဂစ် လေးသန်းဖြင့် အာမခံခွင့်ပြုရန် လျှောက်ထားခဲ့သော်လည်း နာဂျစ်၏ရှေ့နေ မူဟာမက်ရှာဖီက ၎င်း၏အမှုသည်သည် ရှောင်ပြေးမည်မဟုတ်ဟု အခိုင်အမာ အာမခံပေးခဲ့ခြင်းဖြစ်သည်။ တရားရုံးသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကြားနာစစ်ဆေးမှုစတင်မည်ဟု ယာယီရက်သတ်မှတ်ပေးထားသည်။

SRC စွဲချက်များနှင့် 1 MDB စုံစမ်းမှုများသည် နိုင်ငံရေးလှုံ့ဆော်မှုဖြစ်ကြောင်း၊ နာဂျစ်သည် ထိုစွဲချက်များကို ရင်ဆိုင်ပြီး ၎င်း၏ နာမည်ရှင်းလင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဂျစ်၏ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

“နာဂျစ်အတွက် မျှတတဲ့ စစ်ဆေးမှုဖြစ်ဖို့ ကျွန်မတို့ဆုတောင်းပါတယ်။ ဒါဟာ အလ္လာဆီက စမ်းသပ်မှုတစ်ခုပါပဲ” ဟု နာဂျစ်၏ မွေးစားသမီးက နူရှာမီလာရှာဟင်က ပြောကြားခဲ့ပြီး ၎င်း၏ မွေးစားဖခင်မှာ တည်ငြိမ်နေသည်ဟုလည်း ဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent