ဘူရွန်ဒီသမ္မတက ၂၀၂၀ ပြည့်နှစ်တွင် ရာထူးမှ ဆင်းပေးမည်ဟု အံ့အားသင့်ဖွယ် ကတိပြု

ဘူရွန်ဒီသမ္မတက ၂၀၂၀ ပြည့်နှစ်တွင် ရာထူးမှ ဆင်းပေးမည်ဟု အံ့အားသင့်ဖွယ် ကတိပြု
Published 10 June 2018

မေ ၁၇ ရက်က နိုင်ငံမြောက်ပိုင်း ဘူယီမြို့တွင် လူထုဆန္ဒခံယူပွဲ၌ မဲပေးပြီးနောက် ဘူရွန်ဒီသမ္မတ ကူရွန်ဇီဇာကို တွေ့ရစဉ်(Photo: AFP)

အာဏာဆက်လက်ချုပ်ကိုင်နိုင်ရန်အတွက် သမ္မတသက်တမ်းကန့်သတ်မှုများကို တိုးချဲ့ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ထောက်ခံခဲ့သည်ဟု ရှုမြင်ခံခဲ့ရသော ဘူရွန်ဒီသမ္မတ ပီယားကူရွန်ဇီဇာက ၂၀၂၀ ပြည့်နှစ်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇွန် ၈ ရက်၌ အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။ ပြီးခဲ့သောမေက လူထုဆန္ဒခံယူပွဲ၌ ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကူရွန်ဇီဇာက ဥပဒေအဖြစ် လက်မှတ်ထိုးခဲ့ပြီးနောက် မကြာမီ ၎င်းက ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီ CNDD-FDD ၏ လမ်းပြဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးလူအဖြစ် ရည်ညွှန်းခဲ့သည့် ကူရွန်ဇီဇာက ၎င်း၏အငြင်းပွားဖွယ် လက်ရှိတတိယမြောက် သက်တမ်းကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၌ ပြန်လည်ရွေး ကောက်ခံတော့မည် မဟုတ်ကြောင်း နိုင်ငံအ လယ်ပိုင်းရှိ ဂစ်တီဂါမြို့တွင် ထောက်ခံသူများ၊ သံတမန်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်ကတည်းက အာဏာစတင် ရရှိခဲ့သော ကူရွန်ဇီဇာက ၂၀၁၅ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရန် အငြင်းပွားဖွယ် ကြိုးပမ်းမှုကြောင့် ဘူရွန်ဒီတွင် လူသေဆုံးမှုရှိပြီး နက်ရှိုင်းသော နိုင်ငံရေးပဋိပက္ခထဲသို့  သက်ဆင်းခဲ့သည်။ ၎င်း၏ကြိုးပမ်းမှုသည် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သော ပြည်တွင်းစစ်အား အဆုံးသတ်နိုင်ခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်မှု ဖြစ်ကြောင်း အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။ ယင်းပဋိပက္ခအတွင်း လူပေါင်း ၁၂၀၀  သေဆုံးခဲ့ပြီး လူ ၄၀၀၀၀၀ ခန့်သည် နေရပ် စွန့်ခွာခဲ့ရကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

ကူရွန်ဇီဇာ၏ တတိယမြောက် သက်တမ်းအတွင်း အာဏာရှင်ဆန်မှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများ မြင့်တက်ခဲ့ဟု လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက ဝေဖန်ခဲ့ကြသည်။

သမ္မတသက်တမ်းကို ခုနစ်နှစ်အထိ တိုးချဲ့မှုအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှုများကို ပြီးခဲ့သောလတွင် လူထုဆန္ဒခံယူပွဲကျင်းပခဲ့ရာ ထောက်ခံသည့်ဘက်မှ အနိုင်ရခဲ့သည်။ ယင်းပြင်ဆင် ဖြည့်စွက်မှုများအရ သမ္မတက အခွင့်အာဏာ ပိုမိုရရှိမည်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သော Arusha ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပြင်ဆင်မှုသည် ကူရွန်ဇီဇာက နောက်ထပ် သမ္မတသက်တမ်း နှစ်ကြိမ်အတွက် ထပ် မံရွေးကောက်ခံပြီး ၂၀၃၄ ခုနှစ်အထိ ဆက်ရှိစေရန် လမ်းဖွင့်ပေးမှုဟုလည်း ရှုမြင်ခံရသည်။

ကူရွန်ဇီဇာက ထိုဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် ရန်သူများက အခိုင်အမာပြောဆိုနေသည့်အတိုင်း ၎င်းအတွက် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း၊ သူသည် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတသစ်အား ရွေးချယ်နိုင်ရန်အတွက် အစွမ်းရှိသမျှ ထောက်ခံသွားရန် ကြိုတင်ပြင်ဆင်နေကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ ကူရွန်ဇီဇာ၏ ထိုကြေညာချက်သည် ဘူရွန်ဒီတွင် တင်းမာမှုများကို ပြေလျော့စေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent