­­­လေထုညစ်ညမ်းမှုကို တိုက်ဖျက်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

­­­လေထုညစ်ညမ်းမှုကို တိုက်ဖျက်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု
မတ် ၁၆ ရက်က ချင်းမိုင်မြို့ရှိ သီရိလန်နာ အမျိုးသားဥယျာဉ်ရှိ  ဝန်ထမ်းများထံမှ နှင်းဆီပန်းများလက်ခံနေသည့် ထိုင်းဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၆ ရက်က ချင်းမိုင်မြို့ရှိ သီရိလန်နာ အမျိုးသားဥယျာဉ်ရှိ  ဝန်ထမ်းများထံမှ နှင်းဆီပန်းများလက်ခံနေသည့် ထိုင်းဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo:AFP)
Published 17 March 2024

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် ချင်းမိုင်မြို့သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုုံးမြို့များ စာရင်းတွင် နှစ်ရက်ဆက်တိုက်ပါဝင်နေချိန် ချိန်၌ ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းက ချင်းမိုင်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားမည်ဟု မတ် ၁၆ ရက်က ကတိပြုပြောကြားခဲ့သည်။

လေထုအရည်အသွေးကို စောင့်ကြည့်သည့် IQ Air ဝက်ဘ်ဆိုက်က ချင်းမိုင်မြို့ကို လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် မတ် ၁၅ ရက်နှင့် မတ် ၁၆ ရက်တွင် ထည့်သွင်းခဲ့သည်။

ချင်းမိုင်မြို့တွင်  လေထုညစ်ညမ်းမှုများ မကြာခဏ မြင့်တက်ခဲ့ပြီး အထူးသဖြင့် နှစ်တစ်နှစ်၏ အစောပိုင်းလများတွင် လယ်သမားများက စိုက်ခင်းများကို မီးရှို့ရှင်းလင်းမှုများကြောင့် မီးခိုးများထွက်လာပြီး လေထု ညစ်ညမ်းမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

လေးရက်ကြာ မြောက်ပိုင်းခရီစဉ်အတွင်း ချင်းမိုင်သို့ ရောက်ရှိလာသည့် ဆရီထာက ၎င်းတို့ အစိုးရအဖွဲ့သည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

“အခုနှစ် လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့နှစ် ဒီအချိန်ကထက် လျော့ကျနေသည့်တိုင်  စိုးရိမ်နေရဆဲဖြစ်ပြီး ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ နေထိုင်မှုဘဝကို မြင့်တက်စေဖို့ အတွက် အဖြေရှာသွားမှာပါ”ဟု ဆရီထာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ချင်းမိုင်တွင် မတ် ၁၆ ရက်မွန်းလွဲပိုင်းက သွေးကြောမျှင်များထဲအထိ ဝင်ရောက်နိုင်သည်အထိ သေးငယ်သည့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုံအမွှားများဖြစ်သည့် PM2.5 ညစ်ညမ်းပစ္စည်း အဆင့်သည် ၂၂၄ အထိ ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်ထက် အဆ ၂၀  ပိုမို မြင့်မားခဲ့သည်။

ဆရီထာသည် ချင်းမိုင်၏ မေ့ထိုင်ရပ်ကွက်ရှိ တောမီးလောင်ကျွမ်းမှုနှင့် PM2.5 တားဆီးရေး ထိန်းချုပ်စင်တာသို့ သွားရောက်ခဲ့သည်။

ထိုစင်တာတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး နောက် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို လေ့လာရန် ဒေသန္တရ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ လယ်သမားများအတွက် စိုက်ခင်းများမီးရှို့ ရှင်းလင်းမှုနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆရီထာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကအတွင်းကလည်း ဆရီထာ၏ အစိုးရအဖွဲ့သည် လေထုသန့်စင်ရေး Clean Air အက်ဥပဒေကို အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်သည့် ကျန်းမာရေးပြဿနာများကြောင့် လူပေါင်း ၁၀ သန်းကျော် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း အစိုးရ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အစီအမံများ ပိုမိုလုပ်ဆောင်ရမည်ဟု တိုက်တွန်းခဲ့သည်။

ဆရီသာ၏ ချင်းမိုင်ခရီးစဉ်သည် မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် Move Forward  ပါတီ ခေါင်းဆောင်းဟောင်းဖြစ်သည့် အတိုက်အခံ လွှတ်တော်အမတ် ပီတာလင်ဂျာရွန်ရတ်တို့ ၏ ချင်းမိုင်ခရီးစဉ်များနှင့် တိုက်ဆိုင်ခဲ့သည်။

                             Ref:AFP

 

Most Read

Most Recent