အီရန် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံး

အီရန် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံး
Published 19 February 2018

ဇာဂရက်စ်တောင်တန်းတွင် ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်၏ Aseman လေကြောင်းလိုင်းမှ လေယာဉ်များကို တွေ့ရစဉ် (Photo: Reuters)

အီရန်ပြည်တွင်းလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၁၈ ရက်က နိုင်ငံထဲမှ ဇာဂရက်စ် တောင်တန်းပေါ်သို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၆၆ ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်ဟု သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။

ပျက်ကျခဲ့သည့် Aseman လေကြောင်းလိုင်းမှ လေယာဉ်သည် မြို့တော်တီဟီရန်ရှိ မီရာဘတ်လေဆိပ်မှ အစ်ဖာဟန်ပြည်နယ်ရှိ ယူဆက်ဂျ်မြို့သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီက ပျံသန်းထွက်ခွာသွားခဲ့သည်ဟု လေကြောင်းလိုင်းမှ လူမှုဆက်ဆံရေးအရာရှိ တာဘာတာဘိုင်က ဆိုသည်။

ထို့နောက် လေယာဉ်သည် ယူဆက်ဂျ်မြို့နှင့် ၁၄ မိုင်ကွာဝေးသော ဇာဂရက်ဇ်တောင်တန်းဒေသထဲမှ ဒီနာတောင်ပေါ်သို့ ပျက်ကျသွားခဲ့သည်ဟု သိရသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၆၀ ဦးနှင့် အမှုထမ်းခြောက်ဦးတို့ လိုက်ပါသွားခဲ့ကြောင်း ထိုအရာရှိက ပြောကြားခဲ့သည်။

“အဲဒီနေရာကို ရှာဖွေမှုအပြီးမှာ လေယာဉ်ပျက်ကျသွားတဲ့အကြောင်း၊ ကျွန်တော်တို့ ချစ်ခင်ရတဲ့သူ တွေအားလုံး အသက်ဆုံးရှုံးသွားတဲ့အကြောင်း သတင်းရရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်အမျိုးသား အရေးပေါ်ဌာနက ပျက်ကျသည့်နေရာသို့ စေလွှတ်လိုက်သည့် ရဟတ်ယာဉ်တစ်စင်းမှာ ပြင်းထန်လှသည့် ရာသီဥတုကြောင့် မြေပြင်သို့ မဆင်းနိုင်ဖြစ်ခဲ့ရသည်ဟု သိရသည်။ ထို့ပြင် ပျက်ကျသည့်နေရာသည် တောင်တန်းထူထပ်သောနေရာ ဖြစ်နေသဖြင့် လူနာတင်ယာဉ်များကိုလည်း စေလွှတ်နိုင်ခြင်းမရှိပေ။ အီရန်လခြမ်းနီအဖွဲ့ကမူ ထိုနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့ စေလွှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံတကာ၏ ပိတ်ဆို့မှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့်အတွက် အီရန်၏ ခရီးသည်တင်လေယာဉ်များမှာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရေးအတွက်ပင် ရုန်းကန်နေရသည်။ ထို့ကြောင့် အီရန်သည် လေကြောင်းမတော်တဆများနှင့် မကြာခဏ ကြုံရလေ့ရှိပြီး ၂၀၁၄ ခုနှစ်က လေယာဉ်ပျက်ကျမှု တစ်ခုအတွင်းတွင်လည်း လူ ၃၉ ဦး သေဆုံးခဲ့ရသည်။

၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်ကြားတွင် ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်တွင် လေယာဉ်ဝယ်ယူမှုအား ပိတ်ပင်မှုကို ဖယ်ရှားပေးရေးသည် အဓိက အချက်တစ်ခုဖြစ်ခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပြီးနောက် Aseman လေကြောင်းလိုင်းသည် ဘိုရင်း၏ 737 MAX ဂျက်လေယာဉ်အစင်း ၃၀ ကို ဒေါ်လာသုံးဘီလျံဖြင့် ဝယ်ယူရန် ပြီးခဲ့သည့် ဇွန်လကပင် သဘောတူနိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်က ပျက်ကျခဲ့သည့် လေယာဉ်၏ အမျိုးအစားမှာ အင်ဂျင်နှစ်လုံး တပ် ART-72 ဖြစ်ကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent