ဘင်္ဂလားဒေ့ရှ် သတို့သမီးက လူမှုမီဒီယာများ၌ လှုပ်ခတ်မှုများ ဖြစ်ပွားစေခဲ့


သြဂုတ် ၈ ရက်က ဒါကာတွင် မင်္ဂလာပွဲ၌ ဓာတ်ပုံရိုက်ခံနေသော တက်စ်နင်ဂျာရာ (ယာ) နှင့် ၎င်း၏ခင်ပွန်းတို့ကို တွေ့ရစဉ် (Photo: AFP)

ဘင်္ဂလားဒေ့ရှ် သတို့သမီးတစ်ဦးသည် သူ၏အဘွားဖြစ်သူ၏ ချည်ထည်ဆာရီကို ၀တ်ဆင်လျက် မိတ်ကပ်မလိမ်း၊ လက်ဝတ်ရတနာများ ၀တ်ဆင်ထားခြင်းမရှိသည့် သူ၏ဓာတ်ပုံကို လူမှုမီဒီယာ၌တင်ခဲ့ရာ ဆင်းရဲသောနိုင်ငံ၌ မင်္ဂလာဆောင်များအတွက် အကြီးအကျယ် အကုန်အကျခံခြင်းနှင့် ပတ်သက်၍ အကြီးအကျယ် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဆင်းရဲသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ပေးသော ရန်ပုံငွေအဖွဲ့တစ်ဖွဲ့ကို လုပ်ကိုင်နေသည့် တက်စ်နင်ဂျာရာက သတို့သမီးတစ်ဦးသည် မင်္ဂလာဆောင်သည့်နေ့တွင် ရွှေငွေများ သီးနေရမည်ဟူသည့် အများ၏အမြင်ကို စိန်ခေါ်လိုသည်ဟု ပြောကြားခဲ့သည်။

“ကျွန်မသဘောက ကျွန်မတို့ဒီသဘောထားကို ပြောင်းလဲဖို့လိုတယ်လို့ ခံစားမိပါတယ်” ဟု သူက Facebook ပို့စ်တစ်ခု၌ ရေးသားခဲ့သည်။ သူ၏ပို့စ်ကို သြဂုတ် ၁၁ ရက်တွင် လူပေါင်း ၉၁,၀၀၀ က Like ခဲ့ပြီး Share လုပ်သည့်အကြိမ် ၂၄,၀၀၀ ခန့်ရှိခဲ့သည်။

“မိန်းကလေးတစ်ယောက်အနေနဲ့ သတို့သမီးတစ်ဦးအဖြစ်လက်ခံဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်လုပ်ဖို့ အသားဖြူဖွေးနေအောင် လိမ်းခြယ်တာ၊ ရွှေလည်ဆွဲဝတ်တာနဲ့ ဈေးကြီးတဲ့ ဆာရီတွေဝတ်တာမျိုးတွေ မလိုအပ်ပါဘူး” ဟု သူကရေးသားခဲ့သည်။

ဂျာရာက သူ၏ရွေးချယ်မှုကြောင့် သူသည် ဆွေမျိုးများအပါအ၀င် ဆန့်ကျင်သူများကို ရင်ဆိုင်ခဲ့ရကြောင်းနှင့် အချို့က သူနှင့်တွဲလျက် ဓာတ်ပုံရိုက်ခံရန်ပင် ငြင်းဆိုခဲ့ကြကြောင်း ပြောပြခဲ့သည်။

“သတို့သမီးဆိုရင် တန်နဲ့ချီတဲ့ မိတ်ကပ်တွေ၊ ၀တ်စုံအလေးကြီးတွေနဲ့ လူကိုပိသွားစေနိုင်တဲ့ လက်ဝတ်ရတနာတွေနဲ့ ဖြစ်ရမယ်လို့ ကျွန်မတို့ လူ့အဖွဲ့အစည်းက ပုံသေယူဆထားတာကြောင့် ကျွန်မဒုက္ခတွေ့ရပါတယ်” ဟုလည်း သူကပြောပြခဲ့သည်။

“မရူးကြစမ်းပါနဲ့ရှင်။ သတို့သမီးတစ်ယောက်ရဲ့ ဝေဆာတဲ့ပုံဟာ မိသားစုထဲက မိန်းမတစ်ယောက်ရဲ့ ငွေကြေးကြွယ်ဝမှု ဒါမှမဟုတ် အရေးပါမှုကို ကိုယ်စားမပြုပါဘူး” ဟုလည်း ၎င်းကပြောကြားထားသည်။

မင်္ဂလာဆောင်ရာတွင် မိသားစုများက များစွာအကုန်အကျခံကြပြီး နှစ်အတန်ကြာ အကြွေးတင်သည်အထိ ဖြစ်တတ်သော မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် အဆိုပါအမျိုးသမီး၏ပို့စ်က ငြင်းခုံမှုများစွာကို ဖြစ်စေခဲ့သည်။

ယင်းပို့စ်ကို ဖတ်ရှုသူတစ်ဦးက “ဂျာရာအနေနဲ့ မိတ်ကပ်နဲ့ လက်ဝတ်ရတနာတွေအတွက် ပိုက်ဆံသုံးလိုတဲ့ တခြားသူတွေကို ဝေဖန်ပိုင်ခွင့်မရှိပါဘူး” ဟုရေးသားထားသည်။

သို့သော် သူ၏ Facebook အောက်၌ အများစုက (ကွန်မန့်ပေါင်း ၁၄၀၀ က) သူ့အား ထောက်ခံရေးသားထားသည်ကို တွေ့ရှိရသည်။ “ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ ခြေလှမ်းတစ်ရပ်ပါ။ ဒီဓလေ့ကို ကျွန်မလည်းမုန်းတယ်” ဟု တစ်ဦးက ရေးသားထားသည်။

Ref: AFP