ဥရောပသို့ လေပြင်းမုန်တိုင်းများ တိုက်ခတ်ရာ လူကိုးဦး သေဆုံး

ဥရောပသို့ လေပြင်းမုန်တိုင်းများ တိုက်ခတ်ရာ လူကိုးဦး သေဆုံး
Published 20 January 2018

မုန်တိုင်းတိုက်ခတ်အပြီး ဇန်နဝါရီ ၁၈ ရက်က ဂျာမနီနိုင်ငံ လမ်စပရင်း ရွာအနီး ရထားလမ်းကို ပြုပြင်နေစဉ်(Photo: AFP)

ဥရောပမြောက်ပိုင်းသို့ အလွန်ပြင်းထန်သည့် လေပြင်းများတိုက်ခတ်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်က မီးသတ်သမားနှစ်ဦး အပါအဝင် လူကိုးဦးသေဆုံးခဲ့ပြီး ဝေဟင်နှင့် ရထား ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသည်။

ဂျာမနီတွင် ဟာရီကိန်းပြင်းအားရှိသည့် လေပြင်းများ တိုက်ခတ်ခြင်းကြောင့် ရထားခရီးရှည်များအားလုံးကို အနည်းဆုံးတစ်ရက် ရပ်နားထားခဲ့ရပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များစွာလည်း ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းကြောင့် ဂျာမနီတွင်သေဆုံးခဲ့သူ ခြောက်ဦးအနက် နှစ်ဦးသည် အရေးပေါ်အတွက် တပ်ဖြန့်ခံထားရသည့် မီးသတ်သမားများဖြစ်သည်။ နောက်ထပ်နှစ်ဦးမှာမူ ထရပ်ကားမောင်းသူများဖြစ်ပြီး လေပြင်းများကြောင့် ၎င်းတို့၏ ထရပ်ကားများ လွင့်ထွက်သွားခြင်းဖြစ်သည်။

ဂျာမနီမြောက်ပိုင်း၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Brocken တွင် တစ်နာရီ လေတိုက်နှုန်းမှာ ၂၀၃ ကီလိုမီတာ (၁၂၆ မိုင်) အထိရှိနေသည်ဟု ဂျာမန်ရဲများက ပြောခဲ့ကြသည်။ Friederike အမည်ရသည့် ထိုမုန်တိုင်းကြောင့် ဂျာမနီအရှေ့ပိုင်းပြည်နယ်  Thuer ingia တွင် ကျောင်းသားကလေးများ ရှိနေသည့် စာသင်ကျောင်းတစ်ကျောင်း၏အမိုး လွင့်ထွက်သွားသည်ဟု သိရသည်။သို့သော် ထိခိုက်ဒဏ်ရာရသူမရှိဟု အာဏာပိုင်တို့က ပြောကြားခဲ့သည်။

ဂျာမနီမိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဂျာမနီသို့တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် Friederike မှာ အပြင်းထန်ဆုံးဟု သိရသည်။

ရထားဘူတာရုံများတွင် ပိတ်မိနေကြသည့် ခရီးသည်များကို ဟိုတယ်တွင် အခန်းငှားနေရန် ဘောက်ချာလက်မှတ်များပေးခဲ့သည်ဟု ဂျာမနီရထားလိုင်းဝန်ဆောင်မှု Deutsche Bahn ၏ ပြောခွင့်ရပုဂ္ဂိုလ်  Achim Strauss က ပြောကြားခဲ့သည်။

လေပြင်းများ၏ ဒဏ်ကို ဇန်နဝါရီ ၁၈ ရက်အစောပိုင်းက ခံစားခဲ့ရသည့် နယ်သာလန်တွင် လူနှစ်ဦး သစ်ပင်ပိ၍ အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ နယ်သာလန် အမျိုးသားမိုးလေဝသဌာနက အမြင့်ဆုံးအနီရောင် သတိပေးချက်ကိုလည်း ထုတ်ခဲ့ရသည်။

အိမ်နီးချင်းဘယ်လ်ဂျီယံနိုင်ငံတွင်လည်း သစ်ပင်ပိမှုကြောင့်ပင် အမျိုးသမီး ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။

နယ်သာလန်နိုင်ငံ၏ အချို့သောနေရာများတွင် တစ်နာရီ ၁၄၀ ကီလိုမီတာအထိ ပြင်းသော လေပြင်းများကြောင့် ဥရောပ၏ လူအစည်ကားဆုံး လေဆိပ်များထဲမှတစ်ခု ဖြစ်သည့် အမ်စတာဒမ်မှ  Schiphol လေဆိပ်တွင် လေကြောင်းခရီးစဉ်များအားလုံးကို ခေတ္တရပ်ဆိုင်းလိုက်ရသည်။

လေပြင်းများကြောင့် နယ်သာလန်၏ ကားလမ်းများတွင်လည်း ကသောင်းကနင်း ဖြစ်ပွားခဲ့သည်။ ထိုလေပြင်းတို့ကြောင့် ထရပ်ကား ၆၆ စီး လဲခဲ့ကာ  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း စံချိန်တင် အကြီးမားဆုံး ယာဉ်ကြော ပိတ်ဆို့မှုကြီးလည်းဖြစ်ပေါ်ခဲ့သည်။ နယ် သာလန်အာမခံလုပ်ငန်းများက ဇန်နဝါရီ ၁၈ ရက် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ယူရို ၁၀ သန်း (ဒေါ်လာ ၁၂ ဒသမ ၂၅ သန်း) ကျော်လိမ့်မည်ဟု သတိ ပေးနေကြသည်။

သြစတြီးယားအရှေ့ပိုင်း တိုင်ရို ပြည်နယ် အာဏာပိုင်တို့၏ ပြောကြားချက်အရ ဗီယင်နာ ၊ လင့်ဇင်၊ ဆော့ဘက်တို့ကို ဆက်သွယ်ထားသည့် ရထားလိုင်းမှာလည်း နှင်းတောင်ပြိုမည့်ဘေးကြောင့် ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းက ပိတ်ထားလိုက်ရသည်ဟု သိရသည်။

Most Read

Most Recent