ရန်ပုံငွေဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့သော်လည်း ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ပယ်ချ

ရန်ပုံငွေဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့သော်လည်း ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ပယ်ချ
Published 23 December 2017

ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဂျေရုစလင်ဆိုင်ရာ မဲခွဲမှုရလဒ်အား ထုတ်ပြန်ခဲ့စဉ် (Photo: AFP)

ဘတ်ဂျက်ဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားသော်လည်း ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၂၁ ရက်တွင် ပယ်ချခဲ့သည်။ အဖွဲ့ဝင် ၁၃၉ နိုင်ငံပါဝင်သော အထွေထွေညီလာခံတွင် ၁၂၈ နိုင်ငံက ဂျေရုစလင်ကို မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ထရန့်၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ကြသည်။

ဂျေရုစလင်၏ အနေအထားနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများမှသာ အဖြေရှာရမည်ဟု ထပ်လောင်းအတည်ပြုထားသည့် ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၃၅ နိုင်ငံက မဲမပေးဘဲနေခဲ့ပြီး ကိုးနိုင်ငံက ကန့်ကွက်မဲပေးခဲ့သည်။ နောက်ထပ် ၂၉ နိုင်ငံကမဲပေးသည့် အစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။ ဂွါတီမာလာ၊ ဟွန်ဒူးရပ်၊ အစ္စရေး၊ မာရှယ်အိုင်းလန်း၊ မိုက်ခရိုနေးရှား၊ နာအိုဒူ၊ ပါလာအူနှင့် တိုဂိုတို့က အမေရိကန်နှင့်အတူ ယင်းဆုံးဖြတ်ချက်အား ကန့်ကွက်မဲပေးခဲ့ကြသည်။

အာဂျင်တီးနား၊ သြစတြေးလျ၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်ရီပက်ဘလစ်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရိုမေးနီးယား၊ ရဝမ်ဒါတို့က မဲမပေးဘဲနေခဲ့ကြသည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။

အမေရိကန်သည် မဲခွဲဆုံးဖြတ်ခဲ့သည့် ထိုနေ့ကို အမှတ်ရနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး နစ်ကီဟာလေက အရေးပေါ်အစည်းအဝေးတွင် သတိပေးပြောကြားခဲ့သည်။ ဂျေရုစလင်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၈ ရက်က လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန် နိုင်ငံတစ်နိုင်ငံတည်းက ဗီတိုအာဏာသုံးစွဲခဲ့ပြီး ကျန် ၁၄ နိုင်ငံစလုံးက ထောက်ခံမဲပေးခဲ့ကြသည်။

ထို့ကြောင့် ယင်းဆုံးဖြတ်ချက်ကို အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အထွေထွေညီလာခံတွင် ချမှတ်သော ဆုံးဖြတ်ချက်များသည် ဥပဒေအရလိုက်နာရန် တာဝန်မရှိသော်လည်း နိုင်ငံရေးအရ အလေးသာမှုကိုဖြစ်စေသည်။ ကုလသမဂ္ဂသည်မုသားတို့ နေထိုင်ရာနေရာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မဲခွဲဆုံးဖြတ်မှုမတိုင်မီတွင် ရှုတ်ချပြောဆိုခဲ့သည်။

Most Read

Most Recent