ပေါင်သုံးဘီလျံ အကုန်ကျခံ ဆောက်လုပ်ထားသည့် ဗြိတိန်လေယာဉ်တင် သင်္ဘော၌ ယိုစိမ့်မှုဖြစ်ပွား

ပေါင်သုံးဘီလျံ အကုန်ကျခံ ဆောက်လုပ်ထားသည့် ဗြိတိန်လေယာဉ်တင် သင်္ဘော၌ ယိုစိမ့်မှုဖြစ်ပွား
Published 21 December 2017

သြဂုတ် ၁၆ ရက်ကပို့စ်မောင့်၌ ဗြိတိန်၏ HMS Queen Elizabeth စစ်သင်္ဘောကြီးကို လူများက ဓာတ်ပုံရိုက်နေကြစဉ် (Photo : AFP)

ဗြိတိန်၏ စစ်သင်္ဘောများတွင် အကြီးဆုံးဖြစ်ပြီး ပေါင် ၃ ဒသမ ၁ ဘီလျံ အကုန်ကျခံ ဆောက်လုပ်ထားသည့် လေယာဉ်တင် သင်္ဘောအသစ် HMS Queen Elizabeth သည် ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ပြုပြင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန (MoD) က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်၏ အဆင့်မြင့်ဆုံး စစ်သင်္ဘောဟု ခေါ်ဆိုပြီး ပြီးခဲ့သည့် သီတင်းနှစ်ပတ်တွင် ဗြိတိန်ဘုရင်မ အလစ်ဇဘတ်က တရားဝင် တာဝန်ပေးအပ်ခဲ့သည့် တန် ၆၅,၀၀၀ ရှိသော ယင်းသင်္ဘောသည် ပင်လယ်ပြင်တွင် စမ်းသပ်ခုတ်မောင်းစဉ်အတွင်း ဝင်ရိုးအဖုံး တစ်ခုတွင် ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်ဟု MoD က ထုတ်ပြန်ခဲ့သည်။

ပို့စ်မောင့်မြို့အနီးသို့ ယင်းသင်္ဘော ရောက်ရှိစဉ်အတွင်း ပြုပြင်ရန် စီစဉ်ထားသည်ဟု တော်ဝင်ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။ ယင်းသည် သင်္ဘောနောက်တစ်ကြိမ် မောင်းခုတ်မှုကို တားဆီးနိုင်မည် မဟုတ်ကြောင်းနှင့် ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းမှု အစီအစဉ်ကို သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မီတာ ၂၈၀ ( ပေ ၉၂၀) ရှိသည့် စစ်သင်္ဘောသည် တစ်နာရီလျှင် ရေ ၂၀၀ လီတာ ယိုစိမ့်ကြောင်း၊ ယင်းကို ပြင်ဆင်ရန် ပေါင်သန်းချီ ကုန်ကျမည်ဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

ရှစ်နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရသည့် ယင်းသင်္ဘောကို တည်ဆောက်သူများက လွှဲပြောင်းပေးအပ် ခဲ့ချိန်တွင် အဆိုပါကိစ္စ ဖြစ်ခဲ့သည်ကို ရေတပ်က သတိပြုမိကြောင်း ကာကွယ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။

သင်္ဘော တည်ဆောက်သူများသည် ပြုပြင်မှုအတွက် ကုန်ကျစရိတ်များကို ကုန်ကျခံရမည်ဟု The Sun က ရေးသားခဲ့သည်။

ဗြိတိန်အင်ဂျင်နီယာ ကုမ္ပဏီများဖြစ်သည့် BAE Systems နှင့် Badcock၊ ပြင်သစ်ကုမ္ပဏီ Thales ၏ ဗြိတိန်ဌာနခွဲတို့ ပါဝင်သည့် အကျိုးတူ ပူးပေါင်းထားသည့် အဖွဲ့အစည်း The Aircraft Carrier Alliance သည် ပေါင် ၆ ဒသမ၂ ဘီလျံ စီမံကိန်းအဖြစ် Queen Elizabeth သင်္ဘောနှင့် ၎င်းနှင့်အလားတူ လေယာဉ်တင် သင်္ဘောဖြစ်သော HMS Prince of Wales ကို တည်ဆောက်ခဲ့သည်။

Ref : Reuters

Most Read

Most Recent