ရှန်ဟိုင်းတွင် ကမ္ဘာ့အကြီးဆုံး Starbucks ကော်ဖီဆိုင်သစ်ကြီး ဖွင့်လှစ်

ရှန်ဟိုင်းတွင် ကမ္ဘာ့အကြီးဆုံး Starbucks ကော်ဖီဆိုင်သစ်ကြီး ဖွင့်လှစ်
Published 8 December 2017

ဒီဇင်ဘာ ၆ ရက်က ရှန်ဟိုင်းတွင် Starbucks Reserve Roastery ဆိုင်အပြင်ဘက်အား ရိုက်ကူးထားသောဓာတ်ပုံ (Photo- AFP)

Starbucks သည် ကမ္ဘာပေါ်တွင်ရှိသော ၎င်း၏ ကော်ဖီဆိုင်များအနက် အကြီးဆုံး ဆိုင်ကြီးကို ဒီဇင်ဘာ ၆ ရက်က ရှန်ဟိုင်းတွင် ဖွင့်လှစ်လိုက်သည်။ ရှေးရိုးစဉ်ဆက် လက်ဖက်ရည်သောက်ခဲ့ခြင်းကြောင့် လူသိများသည့် တရုတ်တွင် ကော်ဖီသောက်သော ဓလေ့လျင်မြန်စွာ ဖွံ့ဖြိုးလာစဉ် အမေရိကန် အခြေစိုက်လုပ်ငန်းကြီးက ယခုကဲ့သို့ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်သည်။

ကျယ်ပြန့်ကာ နှစ်ထပ်ရှိသည့် ထိုအကြီးဆုံး Starbucks ဆိုင်ကြီးကို ရှန်ဟိုင်းရှိ လူစည်ကားသော ဈေးဝယ်ရပ်ကွက်ထဲတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထိုကော်ဖီဆိုင်တွင် ဝယ်ယူခွင့်ရရန် တစ်နာရီကျော်ကြာ စောင့်ဆိုင်းနေသည့် ရာနှင့်ချီရှိသော လူတန်းရှည်ကြီးက iPhone အသစ်ထွက်လာခြင်းကို ဝယ်ယူရန် စောင့်ဆိုင်းနေကြပုံများကို အမှတ်ရစေနိုင်ကြောင်း သိရသည်။

၂၇၀၀ စတုရန်းမီတာ (စတုရန်းပေ ၃၀၀၀၀) ကျယ်ဝန်းသော ထိုကော်ဖီဆိုင်ကြီး၏ အကျယ်အဝန်းသည် ဘောလုံးကွင်းတစ် ဝက်စာနှင့် ညီမျှသည်။ ထို့ပြင် ထိုကော်ဖီဆိုင်သည် Starbucks ၏ ဒုတိယမြောက်  Starbucks Reserve Roastery ဆိုင် အမျိုးအစားလည်း ဖြစ်သည်။ ထိုကဲ့သို့ဆိုင်မျိုးတွင် အရည်အသွေး အကောင်းဆုံးကော်ဖီများ၊ လက်ဖက်ရည်များ၊ ကော်ဖီဘီယာတို့အပြင် တစ်ဦးချင်းစီအတွက် ကော်ဖီဖျော်ဆရာဝန် ဆောင်မှုတို့ရှိသည်။ ပထမဆုံးအဆိုပါ ဆိုင်အမျိုးအစားကို ၂၀၁၄ ခုနှစ်က Starbucks ၏ မွေးရပ်ဖြစ်သော ဆီယက်တယ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်မြို့ပေါင်း ၁၃၆မြို့၌ Starbucks ဆိုင် ၃၀၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ရှန်ဟိုင်းတစ်မြို့တည်းမှာပင် ဆိုင်ပေါင်း ၆၀၀ ကျော်ရှိသည်ဟု သိရသည်။ ထို့ကြောင့် ရှန်ဟိုင်းတွင်ရှိသော Starbucks ဆိုင်အရေအတွက်သည် ကမ္ဘာပေါ်ရှိမြို့များအနက် အများဆုံးဖြစ်သည်။

တရုတ်နိုင်ငံသည် ဆယ်စုနှစ်တစ်ခုပင် မရှိသေးသော ကာလအတွင်း Starbucks အတွက် အကြီးမားဆုံး ဈေးကွက်ကြီးဖြစ်လာသည်ဟု Starbucks ဥက္ကဋ္ဌဖြစ်သူ ဟောဝပ်ရှော့က Bloomberg သတင်းဌာနသို့ ယခုဆိုင် ဖွင့်ပွဲမတိုင်မီတစ်ရက်က ပြောကြားခဲ့သည်။

ယခုဆိုင်သစ်တွင် အချို့သော ကော်ဖီများသည် တစ်ခွက်လျှင် ၇၈ ယွမ်နှင့် အထက် ( ၁၁ ဒသမ ၈ ဒေါ်လာ) ရှိနေသဖြင့် တရုတ်စားသုံးသူ အများအပြားကို ထိတ်လန့်သွားစေသည်ဟု စက္ကူကုန်သည်တစ်ဦး ဖြစ်သည့်  Zhao Fei က ပြောကြားခဲ့သည်။

“ဒါပေမဲ့ တရုတ်နိုင်ငံထဲက လူအများအပြားဟာ ဈေးကြီးတဲ့ကော်ဖီတွေကို စပြီးကြိုက်နှစ်သက်နေကြပါပြီ။ အထူးသဖြင့် မြို့ပြကြီးတွေက လူငယ်တွေပါပဲ” ဟု နိုက်ထရိုဂျင် ဖောက်ထားသည့် အသီးလက်ဖက်ရည်ကို သောက်ရန်ရွေးချယ်ခဲ့သည့် Zhao က ဆိုသည်။ “လူတော်တော်များကတော့ ကြည့်ဖို့သက်သက်ပဲ လာကြတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။

Ref; AFP

Most Read

Most Recent