မလေးအမျိုးသမီးတစ်ဦးက စင်ကာပူသမ္မတအဖြစ် ပထမဆုံးအကြိမ် ထမ်းဆောင်မည်

မလေးအမျိုးသမီးတစ်ဦးက စင်ကာပူသမ္မတအဖြစ် ပထမဆုံးအကြိမ် ထမ်းဆောင်မည်
Published 13 September 2017

စက်တင်ဘာ ၁၁ ရက်က ရွေးကောက်ပွဲဌာန အပြင်ဘက်တွင် မီဒီယာများအား စကားပြောနေသော ဟာလီမာယာကော့ (Photo: AP)

စင်ကာပူတွင် စစ်တပ်ထိပ်တန်းရာထူးများ၌ မလေးမွတ်စလင်များမရှိဘဲ တရားစီရင်ရေးတွင်မူ ထိပ်တန်းရာထူးများ၌ ထမ်းဆောင်သူ အနည်းငယ်ရှိခဲ့သည်။ သို့သော် စင်ကာပူရှိ အဆင်းရဲဆုံး လူနည်းစု မွတ်စလင်အဖွဲ့ဝင်တစ်ဦးသည် ယခုသီတင်းပတ်တွင် မြို့ပြနိုင်ငံ စင်ကာပူ၏ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာမည်ဖြစ်သည်။

အခြားကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်အတွက် သတ်မှတ်အရည်အချင်းများ ပြည့်မီခဲ့ခြင်းမရှိသဖြင့် ပါလီမန်ဥက္ကဋ္ဌဟောင်းဖြစ်သော ဟာလီမာယာကော့သည် အဆောင်အယောင်မျှသာဖြစ်သော သမ္မတရာထူးအတွက် စက်တင်ဘာ ၁၃ ရက်တွင် တရားဝင်အမည်စာရင်း တင်သွင်းခံရမည်ဖြစ်သည်။ ယဉ်ကျေးမှု စုံလင်သောနိုင်ငံတွင် အားလုံးပါဝင်နိုင်မှုအမြင်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်နေစဉ် စင်ကာပူက ယခုအကြိမ်၌ သမ္မတကိုယ်စားလှယ်လောင်းအား မလေးလူမျိုးစုထဲမှ ရွေးချယ်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ဟာလီမာသည် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အတွေ့အကြုံရှိထားမှုကြောင့် အမည်စာရင်းတင်သွင်းရန် သတ်မှတ်အရည်အချင်းများနှင့် အလိုအလျောက် ကိုက်ညီခဲ့ကြောင်း သိရသည်။ အခြားကိုယ်စားလှယ်လောင်း လေးဦးအနက် နှစ်ဦးသည် မလေးများ မဟုတ်ဘဲ အခြားနှစ်ဦးသည် ယှဉ်ပြိုင်ရန် အရည်အချင်း မပြည့်မီကြောင်း ရွေးကောက်ပွဲဌာနက ထုတ်ပြန်ခဲ့သည်။

သမ္မတရာထူးအား နောက်ဆုံးထမ်းဆောင်ခဲ့သည့် မလေးလူမျိုးသည် ယူဆော့ဖ်အက်ရှ်ဟက်ဖြစ်ပြီး ငွေစက္ကူများတွင် ၎င်း၏ပုံကို ပုံနှိပ်ဖော်ပြခံခဲ့ရကြောင်း သိရသည်။ စင်ကာပူက အိမ်နီးချင်းမလေးရှားနှင့် အခိုက်အတန့် ပူးပေါင်းခဲ့မှုအပြီး လွတ်လပ်ရေးရရှိခဲ့သည့် အစောပိုင်းနှစ်များဖြစ်သည့် ၁၉၆၅ ခုနှစ်နှင့် ၁၉၇၀ အကြားတွင် ယူဆော့ဖ်ကသမ္မတအဖြစ် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူက မလေးရှားမှ ခွဲထွက်လိုက်ခြင်းကြောင့် မလေးလူမျိုးစုသည် မလေးရှားတွင် လူများစုဖြစ်သွားခဲ့ပြီး လွတ်လပ်သော စင်ကာပူတွင် တရုတ်လူမျိုးများက အဓိကအင်အားစုဖြစ်သွားခဲ့သည်။ စင်ကာပူတွင် နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရရှိသူ ၃ ဒသမ ၉ သန်းရှိသည့်အနက် ၁၃ ရာခိုင်နှုန်းသာရှိသော မလေးများသည် တစ်ခါတစ်ရံ ခွဲခြားဆက်ဆံခံခဲ့ရသည်ဟု ခံစားရကြောင်း၊ စစ်တပ်ကဲ့သို့ အဖွဲ့အစည်းအချို့တွင် အခွင့်အလမ်းများ ကန့်သတ်ခံခဲ့ရကြောင်း ၂၀၁၃ ခုနှစ်က အစိုးရ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

စင်ကာပူ၏ စီးပွားရေးအောင်မြင်မှုနှင့် ပညာရေးမူဝါဒများက လူလတ်တန်းစား မလေးရှားများကို အထောက်အပံ့ ဖြစ်စေခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ကောက်ယူခဲ့သော နောက်ဆုံးသန်းခေါင်စာရင်းအရ မလေးများသည် အိမ်ထောင်စုဝင်ငွေနှင့် နေအိမ်ပိုင်ဆိုင်မှုကဲ့သို့ လူမှု-စီးပွားရေး အခွင့်အလမ်းများတွင် အခြားလူမျိုးစုများ နောက်ကျန်ရစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့ပြင် တက္ကသိုလ်နှင့် အထက်တန်းပညာရေးကဲ့သို့ အနေအထားများတွင်လည်း မလေးများသည် နိမ့်ကျခဲ့ကြောင်း သိရသည်။

Most Read

Most Recent