မြေပြင်ထိုးစစ်ဆင်မည့် ရာဖာမြို့မှ ပါလက်စတိုင်းအရပ်သားများကို ရွှေ့ပြောင်းပေးမည့် အစီအမံတစ်ရပ်ကို အစ္စရေးစစ်တပ် အဆိုပြု

မြေပြင်ထိုးစစ်ဆင်မည့် ရာဖာမြို့မှ ပါလက်စတိုင်းအရပ်သားများကို ရွှေ့ပြောင်းပေးမည့် အစီအမံတစ်ရပ်ကို အစ္စရေးစစ်တပ် အဆိုပြု
ရာဖာကိုအစ္စရေးဗုံးကြဲတို်က်ခိုက်မှုကြောင့် ပြိုကျနေသော  အယ်လ်ဖာရွတ်ဗလီရှေ့မှ ဖြတ်လျှောက်နေသူများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရာဖာကိုအစ္စရေးဗုံးကြဲတို်က်ခိုက်မှုကြောင့် ပြိုကျနေသော  အယ်လ်ဖာရွတ်ဗလီရှေ့မှ ဖြတ်လျှောက်နေသူများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 26 February 2024

ဂါဇာ၌ တိုက်ပွဲများ ဖြစ်ပွားရာနယ်မြေများတွင် နေထိုင်နေသော အရပ်သားများကို ရွှေ့ပြောင်းပေးရေး အစီအမံကို အစ္စရေးစစ်တပ်က အဆိုပြုခဲ့သည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။

ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်ရန်လိုအပ်နေသည်ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပြီးနောက်အရပ်သားများ ရွှေ့ ပြောင်းရေးအစီအမံတစ်ရပ်ကို အစ္စရေးစစ်တပ်က အဆိုပြုလိုက်ခြင်းဖြစ်သည်။

ရာဖာကို ကျူးကျော်ခြင်းသည် အရပ်သား အများအပြားကို ထိခိုက်သေဆုံးမှုများဖြစ်စေလိမ့်မည်ဟု ပြည်ပအစိုးရအဖွဲ့များက လည်းကောင်း၊ အန်ဂျီအိုအဖွဲ့များကလည်းကောင်း ထပ်တလဲလဲ သတိပေးထားသည်။

ဂါဇာအခြားနေရာများမှ စစ်ရှောင်လာသူအများစုဖြစ်သည့် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော်သည် အစ္စရေးမြေပြင်တပ်ဖွဲ့များ တိုက်ခိုက်ခြင်းမပြုရသေးသည့် နောက်ဆုံးဂါဇာမြို့ဖြစ်သော ရာဖာတွင် စုပြုံ နေထိုင်လျက်ရှိသည်။

ရာဖာသည် အိမ်နီးချင်း အီဂျစ်မှတစ်ဆင့် သယ်ဆောင်လာသော အကူအညီများအတွက် ဝင်ပေါက်လည်းဖြစ်သည်။

အစ္စရေးစစ်တပ်သည် အရပ်သားများကို ဂါဇာကမ်းမြောင်တွင်ဖြစ်ပွားနေသော နယ်မြေများမှရွှေ့ပြောင်းရေး အစီအမံနှင့်မကြာမီ ပြုလုပ်မည့် စစ်ဆင်ရေးတို့ကို စစ်ကော်မတီထံ တင်ပြခဲ့သည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ဝန်ကြီးချုပ်နေတန်ယာဟု၏ရုံးက အစ္စရေးဘာသာစကားဖြစ်သော ဟေဗြဲဘာသာစကားဖြင့်ရေးထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်၌ ပါလက်စတိုင်းအရပ်သားများကို မည်သို့မည်ပုံပြောင်းရွှေ့မည်၊ မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ဆိုသည်တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

မွတ်စလင်ဘာသာဝင်တို့၏ ရာမာဒန်ဘာသာရေးလမတိုင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်ဟု အီဂျစ်အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သောဆွေးနွေးပွဲများကိုဒိုဟာ တွင်ကျင်းပခဲ့ပြီးနောက် အစ္စရေးစစ်တပ်၏အထက်ပါထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒိုဟာဆွေးနွေးပွဲကို အီဂျစ်၊ ကာတာ၊ အမေရိကန်တို့က ကျွမ်းကျင်သူများလည်း တက်ရောက်ခဲ့ပြီး အစ္စရေးနှင့်ဟားမာ့စ်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

လုပ်ဆောင်နေဆဲ ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံ လွတ်မြောက်ရေးတို့အတွက်နားလည်မှုကို ထွက်ပေါ်စေခဲ့သည်ဟု အစ္စရေး၏မဟာမိတ်အမေရိကန်က ပြောကြားခဲ့သည်။ ဟားမာ့စ်အုပ်စုကမူ အစ္စရေးစစ်သားများ ရုပ်သိမ်းရေးကို အလေးထားဆွေးနွေးခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများ ရုပ်သိမ်းရန်တောင်းဆိုမှုသည် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုကာ ဟားမာ့စ်တောင်းဆိုချက်ကို ပယ်ချခဲ့သော နေတန်ယာဟုက ရာဖာကို မြေပြင်ထိုးစစ်ဆင်ခြင်းသည် သီတင်းပတ်အနည်းငယ် အတွင်းအစ္စရေးက ဟားမာ့စ်ကို လုံးဝဥဿုံ အောင်နိုင်မှုဖြစ်လိမ့်မည်ဟုပြောကြားခဲ့ပြီး အပစ်ရပ်စဲရေးသဘောတူညီချက်ရမည်ဆိုပါကလည်း ယင်းသဘောတူညီချက်သည် နှောင့်နှေးလိမ့်မည်ဟုဆိုသည်။ 

Ref: AFP

Most Read

Most Recent